Unicode
အိုဟောင်းလွန်းတဲ့အတိတ်နေ့စွဲတွေဟာ လင်းရာကိုဆွံအသွားစေနိုင်ခဲ့သည်။ ကြိုးရာများထင်နေသောလက်ကောက်ဝတ်ဟာ ပြတ်ရှနေပြီး နီရဲသောသွေးများဟာ ကြမ်းပြင်ပေါ်ပြန့်ကျဲနေပြီး အနီးရှိစာအုပ်စင်များတလျှောက်စီးကျနေခဲ့သည်။
စာအုပ်ဆိုင်တစ်ခုလုံးဟာတိတ်ဆိတ်နေခဲ့ပြီး လင်းရာဟာ အသက်ရှုရပ်ဆိုင်းသွားသလိုခံစားလိုက်ရသည်။ ဦးနှောက်တစ်ခုလုံး လစ်ဟာနေပြီး တုတ်တုတ်မှပင်မလှုပ်နိုင်ခဲ့။
" စာအုပ်ငှားမယ်ညီမလေး... "
အသံတစ်သံဟာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ချိန်မှာတော့ ရှန်ဟုန်ဟာ စာရင်းစာအုပ်ထဲ နာမည်ရေးမှတ်နေခဲ့သည်။ ထိုလက်ကောက်ဝတ်နားက အမာရွတ်များဟာတော့ ခပ်ပါးပါးအကျီလက်အောက်မှာ သိုဝှက်နေလို့...။
" ဘယ်သူလဲ...."
ခြေသံများတိတ်ဆိတ်သွားပြီးနောက်မှာစကားသံဟာ လင်းရာနှုတ်ဖျားမှ ထွက်ကျလာသည်။ နွေနှောင်းပိုင်းရဲ့လေပြေဟာ အနည်းငယ်လတ်ဆတ်နေပြီး ဆိုင်အဝင်တံခါးဝနားမှာဝေ့ဝဲနေခဲ့သည်။ နံရံမှာချိတ်ထားသော ရွက်စုတ်ပြက္ခဒိန်မှစာရွက်ဟာ လေအဝှေ့မှာ အနည်းငယ်လန်သွားသည်။
တိတ်ဆိတ်မှုကိုသည်းခံစောင့်ဆိုင်းနေခဲ့တဲ့လင်းရာဟာ အချိန်အတော်ကြာသည်အထိငြိမ်သက်နေဆဲ။ ရှန်ဟုန်ဟာ လင်းရာရဲ့အမေးကိုမကြားသလို အထူးထုတ်စာအုပ်၏စာရွက်များကို လက်ဖျားထိပ်လေးများဖြင့် ဆော့ကစားနေခဲ့သည်။
" လက်က ဒဏ်ရာတွေ ဘယ်သူလုပ်ထားတာလဲ "
လင်းရာရဲ့အသံကျယ်ကျယ်ဟာရှန်ဟုန်ရဲ့ခန္ဓာကိုယ်လေးကိုတုန်တက်သွားစေခဲ့သည်။
" ဖြေလေ.... လက်ကဒဏ်ရာတွေဘယ်သူလုပ်တာလဲလို့ "
ထိုတစ်ခဏအတွင်းအသိစိတ်ပျောက်ကွယ်သွားသူတစ်ယောက်လို လင်းရာဟာ သူမရဲ့ လက်ကိုလှမ်းဆွဲလိုက်ပြီးအကျီလက်ကိုပင့်တင်လိုက်သည်။ ရှန်ဟုန်ဟာ ကြောက်လန့်တကြား တုန်လှုပ်နေပြီး မျက်ဝန်းများဟာ မျက်ရစည်များခိုတွဲလာသည်။
" လွှတ်ပါ..."
စကားသံဟာတိုးဖျော့နေပြီး ပန်းသွေးသန်းသောပါးပြင်များဟာဖြူလျော်လာသည်။ ထိုမျက်ဝန်း၊ တိုးဖျော့သောအသံများကြောင့် လင်းရာဟာ အတိတ်နဲ့ပစ္စုပ္ပါန်ကို ကွဲကွဲပြားပြားပြန်မြင်လာသည်။ အားဖြင့်တင်းတင်းဆုပ်ကိုင်ထားသော လက်ကိုဖြေလျော့ပေးလိုက်ပြီး နောင်တတရားဟာ နှလုံးသားတလျှောက်ပျံ့နှံ့သွားသည်။ ထိုမိန်းကလေး သူ့ကိုကြောက်ရွံသွားမှာ ရှောင်ပုန်းနေမှာ မမြင်ချင်တော့မှာကို လင်းရာမလိုလားခဲ့ပါ။