Unicode
အတိတ်နေ့ရက်များကိုပြန်ကြည့်ခဲ့ပါလျှင် တိတ်ဆိတ်ခြောက်ကပ်သောအိမ်အိုကြီးတစ်လုံးနှင့် မျှော်လင့်ချက်ကင်းမဲ့နေသောလူငယ်တစ်ယောက်ကိုသာ လင်းရာမြင်နိုင်ခဲ့သည်။ လူပေါင်းများစွာဟာအနီးအနားက ဖြတ်သန်းသွားခဲ့ပြီး နေ့ညများစွာကုန်လွန်ခဲ့သည်အထိ ရာသီအလီလီပြောင်းလဲခဲ့ပေမဲ့ လင်းရာဟာ အတိတ်တစ်နေရာမှာရှင်သန်နေခဲ့သည်။
ထိုအတိတ်ဟာ နွေးထွေးလွန်းတဲ့စကားသံတွေဖြစ်နိုင်သလို တောက်ပလွန်းတဲ့အပြုံးတစ်ခုလဲ ဖြစ်နိုင်ခဲ့သည်။ ထိုလူသားနှစ်ယောက်...
လင်းရာဘဝမှာတစ်ထေရာထဲ တန်ဖိုးထားရပါသော လူသားနှစ်ဦး။
အချိန်တွေကုန်လွန်ခဲ့ပြီး အဖြူအစိမ်းနေ့ရက်တွေပျောက်ဆုံးသွားချိန် လင်းရာဟာ သစ်ပင်အိုတွေကြားမှာ မိမိကိုယ်ကိုယ်ပြန်လည်ရှာတွေ့ခဲ့သည်။ ရယ်မောသံတွေကြားအနည်းငယ်အသားကျလာခဲ့ပြီး စကားသံတွေကို နားထောင်တတ်လာသည်။
ဝဏ္ဏရဲ့ ဝတ္ထုစာအုပ်တွေအကြောင်း။ တံခွန်ရဲ့ ကြောင်ဝါလေးအကြောင်း။ သူရရဲ့ဂိမ်းဆော့ဖက်တွေအကြောင်း။ တိတ်ဆိတ်နေခဲ့တဲ့အတွင်းစိတ်ဟာ တဖြည်းဖြည်းဆူညံလာခဲ့ပြီး ထိုဆူညံသံများကို နေသားကျလာတဲ့အခါ လင်းရာဟာ မိန်းကလေးငယ်ကို ကျဲပါးစွာသာတွေ့လာရတော့သည်။ တစ်ခါတစ်ရံသူမဟာ ရှိနေကျအိမ်အိုလေးမှာတောင်ရှိမနေခဲ့။ မီးလောင်ထားသော ကွင်းပြင်ရှေ့မှာရှိမနေခဲ့။ သူမနဲ့အတူ ပါလာတတ်သောပန်းနံ့များပင် မှေးမှိန်ဖျော့တော့သွားသလိုလို။
သတိတရရှာမိချိန်မှာတော့ သူမဟာ ခပ်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပြီ။အချိန်တွေကုန်လွန်သွားတဲ့နောက် မေမေ့အခန်းငယ်ထဲကစာအုပ်များဟာ ဖတ်ပြီးသားများအဖြစ်ပြောင်းလဲသွားပြီး အမြဲရှိနေတတ်သောဖုန်နံ့များကို ဖွင့်ထားသောပြတင်းတံခါးမှ လေနုအေးများက တိုက်စားသွားသည်။ နှင်းဆီနီများဟာ နွယ်တလျှောက်ပွင့်လန်းလာပြီး မိုးရေစများကခပ်ဖွဲဖွဲကျဆင်းလာသည်။ ခြောက်သွေ့သော သစ်ရွက်များဟာ အစိမ်းရောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။