Unicode
မြို့ထဲကို ဦးလေးဆန်းက ကားမောင်းပြီးလိုက်ပို့ပေးသည်။ ကျွတ်ကျွတ်ညံသောစကားသံများနှင့် ဆူညံနေသောကားထဲမှာ လင်းရာဟာ ဖြည်းဖြည်းချင်းကျွမ်းဝင်စပြုလာသည်။ ထိုကောင်လေးများဟာ လင်းရာတက်နေသောအထက်တန်းကျောင်းမှသူငယ်ချင်းများနှင့်တူညီမနေခဲ့ပါ။
" ငါအကျီနည်းနည်းဝယ်ချင်သေးတယ်။ ယူလာတဲ့အကျီတွေက နွေရာသီဝတ်တွေ ညဘက်ကျချမ်းတယ် "
သူရကပြောတော့ လင်းရာဟာခေါင်းညိမ့်လိုက်ပြီး အထည်ဆိုင်ရှိရာကိုလမ်းညွှန်လိုက်သည်။
" ငါတို့လဲလိုက်သွားလိုက်ဦးမယ်။ လင်းရာ မင်းကောမလိုက်ဘူးလား။ "
လင်းရာဟာခေါင်းခါလိုက်သည်။
" ငါ့မှာအကျီအပြည့်အစုံပါလာတယ်။ မင်းတို့သွားဝယ်နှင့်။ ခဏကြာရင် ဦးလေးဆန်းကားရှိတဲ့နေရာမှာစုံမယ်လေ "
လင်းရာစကားကိုတံခွန်ကသဘောတူပြီး သူရနောက်လိုက်သွားသည်။ လင်းရာဟာ ထိုကောင်လေးသုံးယောက်ကိုကြည့်နေပြီးမှ ခြေလှမ်းများကို တနေရာသို့ ဦးတည်လိုက်သည်။
အရာရာဟာ ပျက်ဆီးနေပြီဖြစ်တဲ့ကွင်းပြင်။ သစ်ပင်အချို့ဟာမဲတူးနေခဲ့ပြီးရှင်သန်နေသေးကြောင်းအရိပ်အယောင်အချို့ဟာ သစ်ရွက်စိမ်းငယ်လေးတွေအဖြစ်ချန်ရစ်သည်။ ထိုကွင်းပြင်ကိုဖြတ်တိုက်လာသော လေထုဟာ ထိုညကလို မီးခိုးနံ့ရောစွက်နေသည်ဟု လင်းရာထင်မိသည်။
" ရောက်လာပြီလား..."
ဂျွတ်ခနဲသစ်ကိုင်းခြောက်ကျိုးသံနှင့်အတူစကားသံခပ်တိုးတိုးနဲ့မိန်းကလေးတစ်ယောက်ရဲ့သွင်ပြင်ဟာလင်းရာမြင်ကွင်းထဲရောက်လာသည်။ ရှည်လျားလှတဲ့ဆံပင်များဟာ မနေ့ကညကလိုမျိုး တရွတ်တိုက်နေခြင်းမရှိ။ တဝက်တပျက်သာစည်းနှောင်ထားပြီး အချို့ဆံပင်များကတော့ လေထဲမှာလွင့်မျောလျက်။ အဖြူရောင်ဂါဝန်ကပါလွင့်မျောနေတာကြောင့် သူမပုံစံဟာ ဝိဉာဥ်တစ်ကောင်နှင့်တူလှပါသည်။
ဘယ်လက်ကောက်ဝတ်မှာတော့ ပိတ်စအချို့နှင့်စည်းနှောင်ထားပြီး သွေးစများစွန်းပေနေသည်။