ညနေခင်းလေပြေအေးသည် စိုက်ခင်းအနီးတဝိုက်သို့
ခပ်သွဲ့သွဲ့တိုးဝှေ့ကာတိုက်ခတ်လို့နေလေသည်။
ဦးထုပ်ဝိုင်းကြီးအားဆောင်းထားသောကောင်လေးတစ်ယောက်မှာ စိုက်ခင်း၏ခပ်လှမ်းလှမ်းတွင်တည်ရှိနေသော
သစ်ပင်ကြီး၏ တိုးထွက်နေသောပင်စည်မြစ်များအား
ခေါင်းအုံးသဖွယ်မှီတင်၍လှဲလှောင်းကာနေပြီး
နှုတ်ခမ်းပါးလေးတွင် ချစ်စဖွယ်အပြုံးလေးများဖြစ်ထွန်းကာနေသည့်ကောင်လေးမှာတော့ ဦးခေါင်းကိုအနည်းငယ်မော့၍
တိုက်ခတ်နေသောလေပြေများကို ခပ်ပြင်းပြင်းရှူရှိုက်နေသည်။"စိုက်ခင်းအလုပ်ကကိုယ်တိုင်လုပ်ကြည့်တော့
ဘယ်လိုလဲဆောလ်နူ ၊ တအားပင်ပန်းလား"ခပ်လှမ်းလှမ်းမှဝင်လုဆဲဆဲ ပုဇွန်ဆီရောင်နေမင်းကြီးကို
ငေးကြည့်နေသည့်ဆောလ်နူ၏မျက်ဝန်းအိမ်များသည်
လေထုအတွင်းသို့ခပ်သာသာပျံ့လွင့်လာသော
စကားသံလေးကြောင့် ဆောင်းဟွန်းရှိရာဘက်သို့ငဲ့ကြည့်လိုက်သည်။"အင်း..မပင်ပန်းဘူးလို့ပြောရင်ကျွန်တော်လိမ်ရာကျမလား... ၊နည်းနည်းပေါ့ဆောင်းဟွန်းရဲ့ ဒါပေမယ့်ကျွန်တော်ပျော်ပါတယ်။ "
ပျော်ရွှင်ရခြင်းအကြောင်းပြချက်ကတစ်ကြိမ်တစ်ခါမှ
မလုပ်ကြည့်ခဲ့ဖူးတဲ့အလုပ်တွေကိုအသစ်အဆန်းအနေနဲ့
လုပ်ခွင့်ရခဲ့လို့ကျွန်တော်ပျော်ရွှင်တာဖြစ်မလား..၊
ဒါမှမဟုတ်ဆောင်းဟွန်းနဲ့အတူတူ အချိန်တွေအကြာကြီး
ကျွန်တော်ကအနားမှာရှိခွင့်ရများဖြစ်လိမ့်မလား။
ဘာကြောင့်လဲဆိုတာမသိပေမယ့် အခုလက်ရှိခံစားချက်က
ဆောလ်နူအတွက်တော့ပျော်ရွှင်စရာကောင်းသည်ဟု
ခံစားရသည်။"ပျော်တယ်..ဘာလို့လဲဗျ ၊ ပင်ပန်းတယ်ဆို
ပင်ပန်းတာကငြီးငွေ့စရာကောင်းတာမဟုတ်ဘူးလား "ဆောင်းဟွန်းကလှဲလျောင်းနေရာမှ ဆောလ်နူ၏မျက်နှာလေးနှင့်တတန်းတည်းဖြစ်စေရန် ပုခုံးချင်းယှဉ်လျက်အနေအထားဖြစ်အောင် ထထိုင်လိုက်လေသည်။
နီးကပ်သွားသောအနေအထားတွင်မျက်ဝန်းအိမ်များမှာ
စက္ကန့်အနည်းငယ်မျှထပ်တူကျပြီးသည့်နောက်
ဦးစွာအကြည့်များအားလွှဲဖယ်သွားသည့်ဆောလ်နူက
ညနေဆည်းဆာချိန်မှသာမြင်တွေ့နိုင်သည့်
ရဲရဲတောက်နေသော လိမ္မော်နီရောင်တိမ်တိုက်များရှိရာဆီသို့သာ ပြန်လည်၍ငေးမောသွားသည်။