မနက်ခင်း၏နေရောင်ခြည်များသည် လှစ်ဟနေသည့်ပြတင်းတံခါးဘောင်လေးကိုကျော်လွန်ကာအိပ်ခန်းအတွင်းသို့တိုးကာဝင်ရောက်လေသည်။
အလင်းရောင်စူးစူး၏ အနွေးဓာတ်ကြောင့်ဆောင်းဟွန်း၏
မျက်လွှာများမှာ ဖိမှိတ်ထားခဲ့ရာမှခပ်ဖြေးဖြေးပွင့်ဟလို့လာလေသည်။
မျက်လွှာများအားဖွင့်ဟလိုက်သည့်အချိန်ခဏတွင်ပင်
အတွေးအာရုံများထဲသို့တိုးဝင်လာသည့်ဆောလ်နူ၏
ပုံရိပ်လေးများကြောင့် ဆောင်းဟွန်းကပါးချိုင့်ရေးရေးလေးများပင် ထင်ဟပ်သွားရသည်အထိရယ်မောရပြန်သည်။တနေ့တာကိုစတင်ရမည့် မနက်ခင်းတွေတိုင်းတွင်
ဆောင်းဟွန်း၏အတွေးအာရုံများထဲသို့ ဆောလ်နူကသာ
အမြဲတိုးလို့ဝင်ရောက်လာတတ်ပြီး တနေ့တာ၏အဆုံးသတ် ညနက်ချိန်များတွင်လဲဆောင်းဟွန်း၏ စိတ်အာရုံများသည်
ဆောလ်နူ၏ပုံရိပ်များနှင့်သာအဆုံးသတ်တတ်သည်။ချစ်ရသောတစ်စုံတစ်ယောက်၏ပုံရိပ်လေးကို
မြင်ယောင်ကြည့်ရင်း..နိုးထရသောမနက်ခင်းတိုင်းသည်
ဆောင်းဟွန်းအတွက်တော့နွေဦးနေ့ရက်ကလေးများကို
ပိုင်ဆိုင်ခွင့်ရသလိုပင်လှပလွန်းနေတတ်ပြီး
ချစ်ရသူ၏ရယ်မောသံလေးများအားကြားယောင်ရင်း
အိပ်စက်ရသောညနက်ချိန်များသည်အေးစက်ခြင်းကင်းစင်ကာ နွေးထွေးလွန်းနေခဲ့သည်။ဒီလိုမျိူးချစ်ရသူနှင့်တွေ့ရမည့်အားလပ်ရက်ဖြစ်သည်မို့
သိသိသာသာပေါ့ပါး၍ လေးပင်ချင်းဟူသောခံစားချက်များ
စိုးစဉ်မျှမရှိလေသည့်ခန္ဓာကိုယ်အား ခပ်သွက်သွက်
အိပ်ယာဆီမှဖယ်ခွာကာထထိုင်လိုက်သည့်အခါ
ဆောင်းဟွန်း၏မြင်လွှာထဲသို့တိုးဝင်လာသည်က
စားပွဲဝိုင်းလေးပေါ်တွင်ထောင်ထားသည့်သစ်သား
ဘောင်လေးဖြင့် အနားသတ်ကွပ်ထားသော
ကာလာမဲ့ဓာတ်ပုံလေးတစ်ပုံပင်ဖြစ်သည်။ဆောင်းဟွန်း၏ဘွဲ့ဦးထုပ်လေးအားရင်ခွင်ထဲ၌
ခပ်ကျစ်ကျစ်ပိုက်ကာထွေးပွေ့ထားခဲ့သည့်ဆောလ်နူသည်
မျက်ဝန်းအိမ်လေးများအားဖိမှိတ်ကာဖြင့် ခေါင်းငုံ့၍အလှပဆုံး
ပြုံးရယ်နေခဲ့ပြီး
ဆောလ်နူ၏နံဘေးတွင်ခြေစုံရပ်နေခဲ့သည့်ဆောင်းဟွန်းသည် ခါးအနည်းငယ်ကိုင်းထား၍နှုတ်ခမ်းပါးများကို
ဆောလ်နူ၏ပါးပြင်နုနုထက်၌ ခိုနားစေခဲ့သည့်
ပုံရိပ်ကလေးပင်ဖြစ်သည်။