မေဘယ်ရွက်များခကြွေကာနေသည့် ကျောင်းဆောင်ဟောင်းများ၏တစ်ဖက်ခြမ်းတွင်တည်ရှိလေသော မြေနီလမ်းဟောင်းလေးသည် လူသွားလူလာနည်းပါးသောကြောင့် တိတ်ဆိတ်ကာနေလေသည်။ လေတိုးဝှေ့ရာမှ ယိမ်းယိုင်နေသည့်ရွက်ဝါပင်တန်းများ၏ရိုက်ခတ်သံများမှလွှဲလျှင် ပကတိ
ဆိတ်ငြိမ်ကာနေသည့် ဤပတ်ဝန်းကျင်သည် ဆောင်းဟွန်း၏ရင်ထဲမှအလွမ်းထုထည်အားပို၍ကြီးမားစေသည်။စာမလာသတင်းမကြားနှင့်ရုတ်တရက်အနားမှပျောက်ကွယ်သွားသောဆောလ်နူကြောင့် ဆောင်းဟွန်း၏ရင်ထဲတွင်မှီတည်ရာတစ်ခုလှစ်လပ်လို့သွားသယောင် ခံစားနေရသည်။
ရက်ရှည်ပိတ်ထားခဲ့သောတက္ကသိုလ်များပင်ပြန်လည်လို့
ဖွင့်လှစ်ခဲ့ခြင်းမှာ ဆယ်ရက်ကျော်အထိရောက်ရှိလာခဲ့ပေမယ့်
ဆောလ်နူ၏ပုံရိပ်ကလေးမှာဆောင်းဟွန်း၏ရှင်သန်ရာ
အနီးနားတဝိုက်ရှာလို့ပင်မတွေ့ရှိခဲ့ပေ။နီးကပ်ချိန်တွင်သေချာစွာနားမလည်ခဲ့လေသော ခံစားချက်တို့သည် ဆောလ်နူအနားကကွယ်ပျောက်သွားကာမှ
ထုထည်ကြီးမားနေလေကြောင်း ဆောင်းဟွန်းကို
သက်သေတည်သည်။လွမ်းလွန်းလို့အရိပ်ကလေးဖြစ်ဖြစ်တွေ့ခွင့်ရဖို့ရန်
ဆောင်းဟွန်းကခြံကျယ်ကြီးရှိရာအိမ်အနီးတဝိုက်
တဝဲဝဲလည်လည်ဖြင့် ရောက်ခဲ့ပါသော်လည်း ဆောလ်နူ၏
အရိပ်ကလေးကတောင်ဆောင်းဟွန်း၏မြင်ကွင်းထဲသို့ရောက်ရှိမလာခဲ့ပေ။"ဆောလ်နူ..တကယ်ပဲကိုယ့်ကိုမနောက်ပါနဲ့တော့ ၊
မင်းကို လွမ်းနေပြီ "ခပ်တိုးတိုးရေရွတ်လိုက်မိသော ဆောင်းဟွန်း၏နှုတ်ဖျားဆီမှလွှင့်ပျံ့လာလေသည့်စကားတစ်ခွန်းသည် ခပ်သွဲ့သွဲ့တိုက်ခတ်နေသော လေထုအတွင်းသို့တိုးဝင်ကာကွယ်ပျောက်သွားပြီး မေဘယ်ရွက်ကလေးများမှာ ဆောင်းဟွန်း၏ခြေဦးထိပ်နားသို့ခကြွေလာလေသည်။
"ဆောလ်နူရဲ့အငွေ့အသက်ကလေးတွေ ကိုယ့်အနားမှာ
ပျောက်ဆုံးနေရင် မနက်ဖြန်တွေကိုကိုယ်မရှင်သန်ချင်တော့ဘူးဆောလ်နူ...။
ကိုယ်တစ်ယောက်တည်း မင်းမရှိပဲမရှင်သန်နိုင်လောက်ဘူးထင်တယ်။ "