EPISODE - 16 (Unicode)
" အစ်မ အပြင်မှာ ဆေးလိပ်သွားသောက်ဦးမယ်။ ဧည့်သည်လာလို့ မင်းမလုပ်တတ်သေးတာတွေမှာရင် အစ်မကို လှမ်းခေါ်လိုက်နော် "
မီးခြစ်နှင့်ဆေးလိပ်ဘူးကို ဟန်ပါပါမြောက်ပြရင်း စကားဆိုလာသော အစ်မဂျူယွန်းကြောင့် ထယ်ယောင်း အနည်းငယ် ငြိမ်သက်သွားသည်။ အတင်းအဖျင်းပြောတတ်သော လူအချို့ရှိသည်ကို သိလျှက်နှင့် ဆိုင်အပြင် ဆေးလိပ်ထွက်သောက်ရဲတာ သတ္တိကောင်းလွန်းသည်ထင်။
" အစ်မကို လူတွေ အတင်းအဖျင်းပြောမှာ မကြောက်ဘူးလားဟင်။ ကျွန်တော်တို့ လူငယ်တွေအမြင်မှာ မိန်းကလေးတစ်ယောက် ဆေးလိပ်သောက်တာကို နားလည်ပေးတတ်ကြပေမယ့် အမြင်ကျဥ်းတဲ့ လူတွေအမြင်မှာ အစ်မကို ပြောစရာဖြစ်နေမှာစိုးတယ် "
ထယ်ယောင်း စကားကြားတော့ အစ်မဂျူယွန်းက အားရပါးရ ေအာ်ရယ်သည်။ ထယ်ယောင်း ပုံစံကလည်း မပြောရဲပြောရဲဖြင့် တွန့်ဆုတ်တွန့်ဆုတ် ေပြာနေခြင်းမို့ ရယ်မိခြင်းပေလား အခြားအကြောင်းကြောင့်လားတော့ သေချာမသိရသေး။
" သူတို့ အတင်းပြောတော့ရော အစ်မက ဘာဖြစ်သွားမှာ မို့လို့လဲ။ အစ်မတို့ လူ့သက်တမ်းဆိုတာက တကယ် တိုတောင်းလွန်းတယ်။ အဲ့လို တိုတောင်းလှတဲ့ လူ့သက်တမ်းလေးမှာ သူများချထားတဲ့ စည်းဘောင်တွေထဲနေပြီး ကိုယ့်ကိုယ်ကို စိတ်ကျဥ်းကြပ်အောင် လုပ်တာက ဘယ်လောက်တောင် ရူးတယ်ထင်လဲ။ မိန်းကလေးက လူမြင်ကွင်းမှာ ဆေးလိပ်မသောက်သင့်ဘူးဆိုတာ သူတို့သတ်မှတ်ထားတာ။ အစ်မက ကိုယ်ကြိုက်လို့ ကိုယ်သောက်တယ်။ ကိုယ့်ကြောင့် သူများမထိခိုက်အောင် လွတ်လွတ်လပ်လပ် လူရှင်းတဲ့နေရာမှာ သွားသောက်ပေးတယ်။ ဒီလောက်ဆို ရပြီလေ "
စာသင်ခန်းတွင် သင်ယူရခြင်းမရှိခဲ့သော အစ်ဂျူယွန်းထံမှ လက်တွေ့သင်ခန်းစာများကြောင့် ထယ်ယောင်းလည်း ခေါင်းတညိမ်ညိမ့်ဖြင့် နားထောင်နေလိုက်ရသည်။ တကယ်လည်း ဒီစကားတွေက မှန်ကန်နေသည် မဟုတ်လား။
ထယ်ယောင်း ဘာမှပြန်မပြောလာသေးတော့ အစ်မဂျူယွန်းကပင် သူ့စကားကို ထပ်ဆက်ပြန်သည်။