EPISODE - 8 (Unicode)
" အမေရေ...အမေ သားပြန်လာပြီ။ အမေ သားပြန်လာပြီလို့ "
ခြံရှေ့က တစာစာအော်သံလေးကြောင့် ညဆယ့်တစ်နာရီကျော်အထိ အိပ်မပျော်သေးတဲ့ ကျွန်တော် အိပ်ရာက ဆတ်ခနဲထထိုင်လိုက်တယ်။ ရင်းနှီးနေသလို ခံစားရတဲ့ ဒီအသံလေးဟာ ကျွန်တော် မေျှာ်နေမိတဲ့ ချာတိတ်လေးကလွဲရင် ဘယ်သူဖြစ်နိုင်မှာလဲ။
ဖုန်းပြောတိုင်း ကြားခဲ့ရဖူးတဲ့ အက်ရှရှအသံဩဩလေးရယ်၊ ဒီအသံလေးကပေးတဲ့ ပျားရည်လိုချိုတဲ့ နားဝင်ပီယံရှိခြင်းတွေရယ်က ကျွန်တော့်နှလုံးသားထဲ စာရေးထွင်းထားသလို စွဲထင်နေခဲ့ရတာ။
ဒါ..ဒါဆို သူပြန်လာပြီပေါ့။
ဒီအတွေးလေးနဲ့အတူ အိပ်ရာကချက်ချင်းထပြီး အခန်းမီးကို အရင်ဖွင့်လိုက်တယ်။ အဲ့ဒီနောက်တော့ အခန်းတံခါးဆွဲဖွင့်ပြီး အပြေးကလေး ထွက်လာမိတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပြန်အံ့ဩရတဲ့အထိ။ ကျွန်တော် သူ့ကို အဲ့လောက်ထိတောင် တွေ့ချင်စိတ် ပြင်းပြနေခဲ့တာပဲ။
ကျွန်တော့်ခြေအစုံဟာ ခြံတံခါးဝအရောက်မှာ ရှေ့ဆက်မလှမ်းနိုင်ဘဲ ရပ်တန့်သွားခဲ့တယ်။ အရောင်သိပ်မကြည်တဲ့ ဓာတ်ပုံထဲကထက် ပိုလှရက်နေတဲ့ ချာတိတ်လေးက ခြံအပြင်ကနေ ကျွန်တော့်ဆီလှမ်းကြည့်နေပြီး သူ့မျက်ဝန်းလှလှတွေက ကျွန်တော့်ခြေလှမ်းတွေရပ်တန့် ငေးမောမိစေတဲ့အထိ စွဲညှို့ယူတယ်။
ခရီးပန်းတဲ့ဒဏ်ကြောင့် အရောင်မွဲနေတဲ့ မျက်နှာလေးကတောင် ဆွဲဆောင်အား ပြင်းလွန်းနေခဲ့တာ။ စစ်ဝတ်စုံကိုဝတ်၊ စစ်ဦးထုပ်ဆောင်းထားပြီး ယောက်ျားပီသလွန်းတဲ့ ဟန်ပန်ရှိနေတာတောင် ကျွန်တော့်မျက်လုံးထဲ သူ့ကိုလှပတဲ့ ပန်းလေးတစ်ပွင့်လို မြင်နေမိတယ်။
" အစ်ကိုက ကျွန်တော်နဲ့ဖုန်းပြောဖူးနေတဲ့ အစ်ကိုဂျောင်ဂု ထင်တယ် "
ကျွန်တော့်ကို အံ့ဩသလိုပြန်ကြည့်နေပြီးမှ ရုတ်တရက် တစ်ခုခုတွေးမိသွားသလိုနဲ့ အရောင်လက်လာတဲ့ သူ့မျက်ဝန်းလေးတွေ..။ သူ့ရဲ့သိပ်လှလွန်းတဲ့ မျက်ဝန်းညိုလေးတွေနဲ့ ဖော်ဖော်ရွေရွေပြုံးပြရင်း စကားစလာတော့ ကျွန်တော့်မှာ အသက်ရှူဖို့တောင်မေ့တဲ့အထိ သူ့အပြုံးလေးမှာ နစ်မြောသွားခဲ့ရတယ်။