EPISODE - 6 (Unicode)
စက်တင်ဘာလ ၂၃ရက်နေ့။
အိပ်ရာကနိုးနိုးချင်း ကျွန်တော့်အသက် ၃၁ နှစ်ပြည့်မွေးနေ့ ဆိုတဲ့ အသိနဲ့အတူ မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်တယ်။ မွေးနေ့ဆိုတာ သိနေပေမယ့် ကျွန်တော့်အတွက် ဘာထူးထူးခြားခြား ခံစားချက်မှ မရှိခဲ့ဘူး။အရင်ကတော့ ကျွန်တော့်မွေးနေ့ဆို အတွင်းရေးမှူးချွဲက ကိတ်မုန့်တစ်လုံးပေါ် ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့လုပ်ပေးခဲ့တယ်။ သမီးလေးအွန်းဂျီ လူမှန်းသိတတ်စအရွယ်မှာတော့ သမီးလေးပါ အတူပါခဲ့တာပေါ့။
အခုတော့ ကျွန်တော့်နားမှာ အတွင်းရေးမှူးချွဲလည်း မရှိတော့သလို သမီးလေးအွန်းဂျီလည်း မရှိတော့တာမို့ မွေးနေ့က ဒီအတိုင်းလေး ကျော်သွားရတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် မွေးနေ့ဆိုတာမျိုးက ထူးထူးထွေထွေဆင်နွှဲရမှ ဖြစ်တာမျိုးတော့ မဟုတ်ခဲ့ပါ။
ထိုင်တွေးပြီး ေငးငိုင်နေရတာ မကြိုက်တဲ့ ကျွန်တော်ဟာလုပ်ရိုးလုပ်စဥ်အတိုင်း မျက်နှာသစ်၊ သွားတိုက်အပြီးမှာ မနက်စာအတူစားဖို့ အိမ်မကြီးဆီ ကူးလာခဲ့တယ်။ ဒီနေ့ကျတော့ ထူးထူးခြားခြား အိမ်မကြီးက တိတ်ဆိတ်လွန်းနေတယ်။
မီးလည်းမဖွင့်ထားတာကြောင့် အလင်းရောင်လုံလုံလောက်လောက်မရှိဘဲ အနည်းငယ် မှောင်မိုက်နေသလို တိတ်ဆိတ်မှုကလည်း ခြောက်ခြားဖို့ကောင်းနေသလိုပဲ။ အစောကြီးထပြီး စျေးသွားရောင်းနေလို့များ အခုလို လူရိပ်သူရိပ်မမြင်ရဘဲ တိတ်ဆိတ်နေရတာလား။
" Happy Birthday to you~~~
Happy Birthday to you~~~ "ကျွန်တော် အတွေးလွန်နေတုန်း ထောင့်ကွယ်တစ်ခုမှာ ပုန်းကွယ်နေတဲ့ မိသားစုဝင်သုံးယောက် ဘွားခနဲပေါ်လာခဲ့ပြီး အငယ်ဆုံးလေး ထယ်ဆူလက်ထဲမှာ ဖယောင်းတိုင်စိုက်ထားတဲ့ မုန့်လိုအရာမျိုးကို ပန်းကန်လေးထဲထည့်ကိုင်လို့။ သံပြိုင်ဆိုလာတဲ့ မွေးနေ့သံစဥ်လေးဟာ ကျွန်တော့်ရင်တွေ တသိမ့်သိမ့်ဖြစ်စေတဲ့အထိ ဝမ်းသာခြင်းတွေနဲ့ပေါ့။
" ဦးလေးကြီးအတွက် အများကြီး မလုပ်ပေးနိုင်ပေမယ့် ဒီလောက်လေးနဲ့ပဲ ကျေနပ်လိုက်နော်။ အမေက ဒီဆန်မုန့်တွေကို ဦးလေးကြီးအတွက် ကိုယ်တိုင်လုပ်ပေးထားတာ "