Prologue
၁၉၉၇၊ စက်တင်ဘာလ။
" တရားသူကြီးမင်းနှင့် တာဝန်ရှိ ဂျူရီလူကြီးမင်းများခင်ဗျာ ကျွန်တော့်အမှုသည်ဟာ တရားပြိုင်ဖြစ်သူ မစ္စဂျိုအယ်နာအပေါ် ငါးနှစ်လုံးလုံး ခင်ပွန်းဝတ္တရားကျေပွန်ခဲ့တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီလို ဝတ္တရားကျေပွန်ခဲ့ပါလျှက် တရားပြိုင်ဖြစ်သူ ဂျိုအယ်နာဟာ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်ခဲ့တဲ့အတွက် ကျွန်တော့်အမှုသည်အတွက် များစွာနစ်နာခဲ့ရပါတယ်။ အိမ်ထောင်သက်တမ်းအတွင်း သမီးတစ်ယောက်ထွန်းကားခဲ့ပြီး သမီးငယ်အပေါ်မှာလည်း မိခင်တာဝန် မကျေပွန်ခဲ့တဲ့အပြင် တရားပြိုင်ရဲ့လုပ်ရပ်ဟာ ကလေးအတွက် စံနမူနာဆိုးဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ကျွန်တော့် အမှုသည်ဟာ သမီးငယ်အပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်ဆိုတာ သမီးလေးအွန်းဂျီရဲ့ ထွက်ဆိုစကားတွေက သက်သေပြပြီးပါပြီ။ ကလေးဘဝဆိုတာ အကျင့်စာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာဖို့ ပြုစုပျိုးထောင်ရတဲ့ အရေးအကြီးဆုံးအချိန်ပါ။ ဒီလိုအရွယ်လေးကို ဖောက်ပြန်တတ်တဲ့ မိခင်လက်ထဲထားမယ်ဆို ကလေးအနာဂတ်အတွက် လုံးဝမကောင်းနိုင်ပါဘူး။ ဒီအတွက် ကျွန်တော့်အနေနဲ့ မိဘတာဝန်ကို ပိုကျေပွန်နိုင်မယ့် ကျွန်တော့်အမှုသည်ကိုသာ ကလေးအုပ်ထိန်းခွင့် ပေးအပ်သင့်ကြောင်း တင်ပြအပ်ပါတယ် "
ကျွန်တော့်ရှေ့နေရဲ့ တင်ပြလျှောက်လှဲချက်အပြီးမှာ တစ်ဖက်စားပွဲဆီက ကျွန်တော့်ဇနီးဟောင်းကို ကျွန်တော် လှမ်းကြည့်မိတယ်။ သူက ကျွန်တော့်ကိုဂရုမစိုက်အားဘဲ သူ့ရှေ့နေနဲ့ တစ်ခုခုကို တိုင်ပင်နေပါတယ်။
ကျွန်တော့်ရှေ့နေ လျှောက်လှဲနေတဲ့အချိန် သူ့မျက်နှာက ဘာကိုမှဂရုမစိုက်သလို တည်ငြိမ်နေခဲ့တာက ကျွန်တော့်ကို နည်းနည်းတော့ ထိတ်လန့်စေတယ်။ သမီးလေးကို အုပ်ထိန်းခွင့်ရဖို့ သူကလည်း အနိုင်ကွက်တစ်ခုခုကို ချုပ်ကိုင်ထားမှာ သေချာတယ်။
ဒါပေမယ့် ကျွန်တော့်သမီးလေးကို သူ့လက်ထဲ ဘယ်နည်းနဲ့မှ မထည့်လိုက်နိုင်ဘူး။ သူ့လိုမျိုး ဖောက်ပြန်တတ်တဲ့ မိန်းမတစ်ယောက်ဆီမှာ လေးနှစ်အရွယ် သမီးလေးအွန်းဂျီကို ဘယ်လိုစိတ်မျိုးနဲ့ ကြီးပြင်းခွင့်ပြုရမှာလဲ။ သူယူမယ့် နောက်ယောက်ျားကရော သမီးလေးကို ကြည်ဖြူမှာတဲ့လား။