Roselle

3.6K 83 0
                                    

Pianoရဲ့ သာယာငြိမ့်ညောင်းတဲ့ အသံလေးက ခန်းမထဲမှာပျံ့လွှင့်လို့။

ဒါ .....အနုပညာကျောင်းရဲ့ piano majorက အတော်ဆုံးကျောင်းသူ Roselleရဲ့ လက်သံ။

လှလှပပတီးခတ်ပြီးနောက် ကျောင်းသားကျောင်းသူတွေ အကုန်ခေတ္တငြိမ်သက်နေပြီးမှ လက်ခုပ်ဩဘာသံကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

ဒီနေ့က အစမ်းဖျော်ဖြေတဲ့ နေ့လေးတစ်နေ့ရယ်ပါ။

ဒါပေမယ့်လည်း Pianoတီးရမယ်ဆိုတာနဲ့ ကိုယ့်ပွဲကိုယ်တီးနေရသလိုကို သတ်မှတ်ထားတဲ့ Roselleက လက်သံကို ဘယ်တော့မှ မလျှော့ဘဲ အစွမ်းကုန် တီးခတ်တတ်သည်။

ဖြူဖြူနုနုအသားအရည် ၊နက်မှောင်တဲ့ ဆံပင်ပျော့ပျော့လေးတွေရယ်က သူမရဲ့ သွယ်လျလျခန္ဓာကိုယ်နဲ့ပေါင်းစပ်တဲ့အခါ သူမတီးခတ်တဲ့ piano ဂီတသံတွေလိုပဲ သူမဟာလည်း နွဲ့နှောင်းငြင်သာနေသည်။

ဒီကျောင်းတစ်ကျောင်းလုံးမှာ နာမည်အကြီးဆုံးကျောင်းသူဖြစ်ပြီး သူမပွဲတိုင်း ဘာပွဲမဆို  စီနီယာကျောင်းသားတွေက အစ အထူးတလည်လာရောက်အားပေးရသည်ချည်း။

ပွဲအပြင်ရောက်တော့လည်း ပန်းစည်းတွေဆိုတာ အမြဲတစ်ပွေ့တစ်ပိုက်။

သို့သော်လည်း ......အတွေးတစ်နေရာမှာတော့....


"သမီးကို Parisမှာကျောင်းသွားတက်စေချင်တယ်။ ဒီလက်သံအတိုင်းဆို သမီး အဲ့မှာသာ ဆက်တက်ဖြစ်မယ်ဆို အရမ်းကိုအောင်မြင်နိုင်တယ်။ကျောင်းစရိတ်ကိုတော့ ကျောင်းကတစ်ဝက် ထောက်ပံ့ပေးနိုင်တယ်။ကျန်တာကတော့ ..."

Roselle:"သမီးစဉ်းစားပါဦးမယ်။ Tr."

ရုံးခန်းထဲက ထွက်လာပြီး သူမသက်ပြင်းအရှည်ကြီးချမိသည်။

"ငါဘယ်လောက်ကြိုးစားကြိုးစား ...ငါ့ကံကြမ္မာက ပြောင်းလာတော့မှာမဟုတ်ဘူး။"

သူမဘာသာတိုးတိုးလေးဆိုသည်။

"ငါဘာများလုပ်ခဲ့လို့ ငါ့ဘဝက မပြည့်စုံရတာလဲ?"

သူမ မျက်ရည်လေးတစ်စ ကျလာခဲ့သည်။

သူမတစ်ဘဝလုံး အလုပ်လုပ်ရင်တောင် Parisမှာကျောင်းသွားတက်နိုင်ဖို့က မသေချာ။အမေကလည်း ဆေးရုံတက်နေရတာမို့လို့ ...အဖေဖြစ်သူရဲ့ လစာတစ်ခုတည်းနဲ့ ဘယ်လိုမှ မလောက်။သူလုပ်တတ်တာလည်း Pianoတီးတာပဲ ရှိတာမို့လို့ Piano အချိန်ပိုင်းသင်ပေးသည့်အလုပ်ကို လုပ်ရသည်။အလုပ်ကပိုက်ဆံဆိုတာကကလည်းကျောင်းစရိတ်ကာမိသည်လောက်သာရှိတာမို့ ရှိသမျှ စည်းစိမ်တွေကို ဖြုန်းပစ်ခဲ့သည့် သူ့အစ်ကိုကိုပဲ သူစိတ်ကုန်မိသည်။သူသိတတ်စတုန်းက သူ့ဘဝက ခုလိုမဟုတ်။

အိမ်မှာ ဧည့်ခန်းတစ်ခုလုံးလောက်နီးပါးရှိသည့် Yamaha pianoကြီးက ထည်ထည်ဝါဝါရှိနေသည်။သူ့ဘဝကလည်း pianoတစ်ခုလုံးထဲမှာသာမြှုပ်နှံထားသဖြင့် အိမ်ကတစ်စထက်တစ်စ ဆုတ်ယုတ်လာတာကို သတိမထားမိခဲ့။တက္ကသိုလ်တက်တော့လည်း မိခင်ဖြစ်သူတောင်းဆိုမှုကြောင့် အနုပညာတက္ကသိုလ်မှာပဲ piano majorကိုယူခဲ့သည်။ သူ ဒုတိယနှစ်ရောက်လာတဲ့အချိန်မှာ အိမ်က အတွင်းပစ္စည်းတွေ အကုန်အသိမ်းခံလိုက်ရသည်။ အစ်ကိုက Casinoရုံမှာ အကုန်ဖြုန်းပစ်ခဲ့ခြင်းဖြစ်ပြီး ပိုက်ဆံတွေ မပေးနိုင်တော့သောကြောင့် အကုန်အသိမ်းခံလိုက်ရခြင်းဖြစ်သည်။ ကံကပိုဆိုးချင်တော့ ဖခင်ဖြစ်သူရဲ့ ကုမ္ပဏီကလည်း ပိတ်သိမ်းခံလိုက်ရတော့ မိခင်ကလည်း စိတ်ထိခိုက်ပြီး ဆေးရုံ‌စတက်ရသည်။Roselleလည်း လုပ်တတ်တဲ့ Piano တီးတဲ့အလုပ်ကိုပဲ အချိန်ပိုင်းအဖြစ်ပြန်သင်ပေးရင်း ကိုယ့်စရိတ်ကိုယ်ရှာရတော့သည်။ အေးအေးခ်ျးချမ်း နူးနူးညံ့ညံ့ သူဌေးသမီးဘဝလေးကနေ ဒီလိုဘဝရောက်သွားရတာ သူမအမှားလည်းမဟုတ်။

သူမအစ်ကိုလည်း အဲ့ကတည်းက ခုချိန်အထိ ပေါ်မလာတော့။

"တော်သာတော်တာပါ။ သူ့အိမ်ကထောက်ပံ့နိုင်တာလည်းမဟုတ်"

ကြားလိုက်ရတဲ့စကားကြောင့် ပန်းစည်းတွေ တစ်ပွေ့တစ်ပိုက်ကိုင်ထားရက်နှင့် Roselle အသိစိတ်ပြန်ဝင်ပြီး လမ်းလျှောက်တာတုံ့သွားသည်။

"အိမ်ကမထောက်ပံ့နိုင်တော့လည်း ဒီလောက်နဲ့ပဲ ‌တက္ကသိုလ်အလှအပလေး ဘဝနဲ့ အဆုံးသတ်ရတော့မှာပေါ့။ သနားစရာလေး"

သူမဆက်နားမထောင်တော့။

ပွဲက ညနေမှပြီးတာဖြစ်သောကြောင့် အဆောင်မှာလည်း မအိပ်ချင်တော့သဖြင့် အိမ်ပဲ ခဏပြန်ရမလား ဝေခွဲရခက်ပြီး လက်ထဲကပန်းစည်းတွေကိုတောင် သတိမရဘဲ လေလွင့်သူတစ်ယောက်လို လျှောက်သွားနေမိသည်မှာ မှောင်လာတဲ့ အထိပင်ဖြစ်သည်။

လမ်းချိုးကို အကွေ့မှာ ကားမီးရောင်စူးစူးကြောင့် သူမ မျက်လုံးတွေပြာဝေသွားသည်။ပိုနီးကပ်လာသော ကားဟွန်းတီးသံနဲ့ အလွန်စူးရှလာသော မီးရောင်ကြောင့် သူမ ကားရှေ့တည့်တည့်မှာ ထိုင်ရက်သားလေး ပုံကျသွားခဲ့သည်။ ကားပေါ်က လူတစ်ယောက်ဆင်းလာတာ မြင်လိုက်သော်လည်း ဝမ်းနည်းမှုနဲ့ နွမ်းနယ်မှုတို့က ရင်ထဲမှာ ပြည့်ကြပ်နေပြီး မျက်လုံးထဲမှာ အရာအားလုံးမှောင်မိုက်သွားတော့သည်။






Beauty and the MONSTERWhere stories live. Discover now