Chapter -1

1.5K 87 6
                                    

ခြေသံပြင်းပြင်းနဲ့ မိုးစက်တွေဟာ ကြိုတင်သတိပေးခြင်းမရှိပါပဲ တဝေါဝေါရွာသွန်းဖြိုးလာသည်။ လေးလေးပင်ပင် ခြေလှမ်းတို့အား တရွတ်ဆွဲရွေ့လျားလာရင်း 'မောင်'တစ်ယောက် လမ်းမထက်ဝယ်လျှောက်နေမိသည်။ မောင် သတိမထားမိလိုက်ခင် ခြေလှမ်းတို့က အိမ်အပြန်ကို ဦးတည်နေခြင်း ဖြစ်နေသည်။

အငြိုးတကြီး ရွာချနေသည့် မိုးစက်မိုးပေါက်တို့ကို မောင့်ကိုယ်ပေါ်သို့ စိတ်တိုင်းကျ ဖြတ်နင်းသွားဖို့ရာ မောင်ခွင့်ပြုထားသည်။ ဖြစ်နိုင်လျင် မောင့်ကိုယ်ပါ မိုးရေစက်တွေနှင့်အတူ အရည်ပျော်သွားပြီး လမ်းဘေးရှိ ရေနုတ်မြောင်းစမ်းချောင်းငယ်လေးတွေဆီသို့ စီးဝင်သွားလိုက်ချင်သည်။

အနည်ဆုံးတော့ ဤအရပ်သည် မိုးဆောင်းရဲ့အသည်းတစ်ခြမ်းမြှုပ်နှံထားရာမြေ။ မိုးဆောင်းနဲ့မောင် စတွေ့ခဲ့ပြီး ရင်ခုန်သံလွန်းကြိုးမျှင်ကလေးတွေ စတင်ရက်ဖွဲ့ခဲ့လေသည့်အရပ်။ မိုးဆောင်းရော မောင်ပါ သိပ်မြတ်နိုးကြရသည့်အရပ်။ တောင်တန်းတွေကြားကမြေ။ လေပြေတွေသာ တိုက်သောအရပ် ဖြစ်နေခဲ့သည်မဟုတ်ပါလား။

မိုးဆောင်းက စာထဲမှာပြောခဲ့သည်။ လူကိုယ်တိုင် လာ‌မတွေ့နိုင်ရင်တောင် သူ့ရဲ့ အရိုးပြာကတော့ မိုးညှင်းမြေသို့ လာလိမ့်မည်။ သူ့ရဲ့ အရိုးပြာကိုမိုးညှင်းမြေမှာ လာကြဲပြီး သူဒီကနေပဲ မောင့်ကို တစ်သက်လုံးချစ်နေမှာပါတဲ့လေ...။

အဲ့သည်တော့ မောင်ကလည်း လူကိုဖြစ်ဖြစ်၊ အရိုးပြာအိုးလေးကိုပဲဖြစ်ဖြစ် မိုးညှင်းမြေသို့ မရောက်မချင်း စောင့်နေခဲ့ရုံသာပေါ့။ စောင့်နေလိုက်ရုံပဲပေါ့။

မောင့်ခြေလှမ်းတွေ ဒေါ်လေးမြမွှေးကြူတို့ အိမ်ရှေ့ရောက်မှန်းမသိရောက်လာခဲ့ပြီဖြစ်သည်။ အဒေါ်ဖြစ်သူက ထီးတစ်လက်ကိုင်လျက် မောင့်ကို အပြေးထွက်ကြိုသည်။

"အမလေး... လေး... ဘယ်တွေသွားနေတာလဲ... ငါ့တူမရယ်.. ထီးမပါ၊ ဘာမပါ... ကြည့်စမ်း စိုလို့ ရွှဲလို့ပါလား... လာ..လာ... မြန်မြန်အထဲဝင်..."

မောင်က ဒေါ်လေးကိုမြင်တော့မှ အိမ်ထဲဝင်ဖို့ သတိရလာကာ မျက်ရည်စတို့ကို မိုးရေ‌စက်တွေနှင့်အတူ ရောပြီးပွတ်သုတ်လိုက်သည်။ ဒေါ်လေးကို ကြိုးစား၍ ခပ်ယဲ့ယဲ့သာ ပြုံးပြကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်ထဲတွင် နွေးနွေးထွေးထွေးရှိလှသည်။ မောင့်ရဲ့ ဝမ်းကွဲညီမလေးတွေ ဆော့ကစားထားသည့် အရုပ်တွေကလွဲလို့ အားလုံးမှာ သပ်သပ်ရပ်ရပ်ရှိသည်။

မောင့်သက်လှယ်...တည်စေမြဲ။ Where stories live. Discover now