နေ့ခင်းဘက်တွင် မောင်ပြန်လာသည်။ မောင်က အခန်းထဲဝင်လာပြီး ကုတင်ပေါ်၌ ငုတ်တုပ်လေးထိုင်နေသောမိုးဆောင်းကို မတ်တပ်ရပ်လျက်ပင် လှမ်း၍ဖက်လိုက်သည်။
မိုးဆောင်းမှာ တခြားတစ်ယောက်နှင့် အပြင်သွားပြီးပြန်လာသော မောင့်ကိုမတသီသလို ချက်ချင်းတွန်းထုတ်လိုက်၏။ အမှန်က မိုးဆောင်းမှာ မိမိဘာကြောင့် သည်လိုလုပ်မိမှန်းပင်မသိပါချေ။ မိုးဆောင်းတွန်းလိုက်သည်မှာ သိပ်အားမပါလှသော်လည်း ထင်မှတ်မထားသည့် အပြုအမူကြောင့် မောင့်ခြေလှမ်းတွေ အနောက်သို့ သုံးလေးလှမ်းခန့် ဆုတ်သွားပြီး အခန်းနံရံနှင့် ထိလုမတတ်ဖြစ်သွားသည်။
"မိုးဆောင်း... ဘာဖြစ်လို့လဲ.. မောင့်ကို ဘာပြောစရာရှိသလဲ...."
"အဲ့တာ မောင့်ကို မေးရမှာ...
မောင့်မှာ ငါ့ကို ဘာမှပြောစရာမရှိဘူးလား? ဘာဖြေရှင်းချက်မှ မပေးနိုင်ဘူးလား? မောင်ဒီလိုပဲ နေတော့မှာလား? "မောင့်မှာ သက်ပြင်းတစ်ချက်သာချကာ ဘာမှမဖြစ်သလိုဖြင့် အပြင်သွားထားသော အပေါ်ထပ်အင်္ကျီကို အေးအေးဆေးဆေး ချွတ်နေသည်။
"မေးခွန်းတွေက များလိုက်တာ၊ မောင်က ဘာကိုဖြေရှင်းချက်ပေးရမှာလဲ... ဘာအတွက်လဲ... "
မိုးဆောင်းမှာ မောင့်ရဲ့ ယခုလိုလုပ်ချင်တာလုပ်ပြီး ဘာမှမသိသလို ဟန်ဆောင်ကောင်းလှပုံအား ရင်ထဲ၌ ကလိကလိဖြင့် မချိတင်ကဲဖြစ်မိရသည်။ မိုးဆောင်းသည် လက်ဖဝါးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ မောင့်ကို ဒေါသထွက်နေမိသည်။ သို့သော် မောင့်ကို နာကျည်းစေမည့်စကားလုံးတို့ကို မပြောရက်၊ မောင့်ကို နာကျင်စေအောင်လည်း မလုပ်ရက်၍ ရင်ထဲတွင် ကျိတ်မနိုင် ခဲမရဖြစ်ကာ မိမိကိုယ်ကိုယ်ပို၍ ဒေါသဖြစ်နေမိတော့သည်။
"မေထက်မြတ်နဲ့လား... မိုးဆောင်းက သူနဲ့ သဝန်တိုလို့လား... မိုးဆောင်းမကြိုက်ရင် မောင်နောက်ထပ် သူနဲ့လိုက်မသွားတော့ဘူးနော်... မောင့်ကိုစိတ်မဆိုးပါနဲ့တော့.. "
အိမ်နေဝတ်အင်္ကျီကိုလှဲပြီးမှ မောင်က ချိုသာအေးဆေးစွာ ပြောလာ၏။ ထို့နောက် မိုးဆောင်းရဲ့ ပါးတစ်ဖက်ကို ရွှတ်ခနဲမြည်အောင် ငုံ့နမ်းလိုက်သည်။