၃နှစ် ကြာပြီးသောအခါ။
" အက်ရှင်.... " !
"ကဒ်...." !
"ပင်ပန်းနေပြီလား... မင်းသမီးလေး... "
"အွန်း... ပင်ပန်းတယ်.. ရေလေးတိုက်ပါအုံး... မန်နေဂျာကြီးရဲ့... "
မိုးဆောင်းက ရေသန့်ဗူး အဖုံးလေးကို လှည့်ဖွင့်ကာ မောင့်ဆီသို့ ထိုးပေးလိုက်သည်။ မောင်က ရေအေးတစ်ကျိုက် မော့သောက်လိုက်ပြီးနောက်....
" မိုးဆောင်းသိလား... ပရိတ်သပ်တွေကလေ... မင်းသားနဲ့ မောင့်ကို တော်တော်လိုက်ဖက်တယ်လို့ ပြောကြတယ်... "
"ဘာကို လိုက်ဖက်တာလဲ... အဖိုးကြီး ဝမ်းချုပ်ရုပ်နဲ့ကို... "
မိုးဆောင်းက မဲ့ကာ ရွဲ့ကာ ပြောတော့ မောင့်မှာ မရယ်ပဲ မနေနိုင်။
"အဟား... ဟား... ဟား... သဝန်တိုနေတာလား "
"တိုစရာလား... မောင့်အလုပ် မောင်လုပ်နေတာပဲကို... "
"အံမယ်... သဝန်တာမတိုတယ်၊ မင်းသားနဲ့ မင်းသမီး နားနေခန်းကို ခပ်ဝေးဝေးထားဖို့ စီစဉ်ထားတယ်ရော... မန်နေဂျာကြီးရဲ့... "
"ဟွန့်.... "!
မိုးဆောင်းက နှာမှုတ်သံတစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။ မောင်က မိုးဆောင်းရဲ့ နဖူးပြင်လေးအား ချစ်ကြည်နူးစွာနမ်းလိုက်သည်။ မောင့်ရဲ့ အနမ်းကို တုံ့ပြန်သည့်အနေဖြင့် မိုးဆောင်းရဲ့ ဇင်ယော်တောင်လို မျက်ခုံးတန်းလေးတွေ မြင့်တက်သွားသည်။
"ဒါနဲ့ မောင်... ဒီနေ့ ရှုတင်ကို စောစောအဆုံးသတ်ရလိမ့်မယ်... ဒါမှ မနက်ဖြန် ခရီးအတွက် ပြင်ဆင်ချိန်ရှိမှာ.... "
"ဪ... ဟုတ်သား မနက်ဖြန် ခရီးသွားရမယ့်ရက်တောင် ရောက်ပြီပဲနော်..."
မိုးဆောင်းသည် ဇာတိမပြန်ဖြစ်တာကြာပြီဖြစ်၍ မြစ်ကြီးနားဘက်သို့ ဆွေလည်မျိုးလည် သွားကြရန် နှစ်ဦးသား စီစဉ်ထားကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က မောင့်ရဲ့ အနုပညာအလုပ်တွေ ပျက်စီးသွားခဲ့သော်လည်း မောင်က စိတ်မပျက်ပဲ မဆုတ်မနစ်ကြိုးစားခဲ့သည့်အတွက် ပြန်လည်ဦးမော့ လာနိုင်ခဲ့သည်။ မောင့် ကော်ဖီဆိုင်ကိုလည်း ယခု၌ ဝန်ထမ်းအသစ်တွေ ထပ်ခန့်ထားနိုင်ခဲ့ပြီး စိတ်ချလက်ချထားခဲ့လို့ ရနေပြီဖြစ်သည်။