မိုးရွာချင်သလိုလို ဖြစ်နေ၍ပေလားမသိ။ အခန်းကလေးမှာ အိုက်စပ်စပ်ဖြစ်နေသည်။ မေထက်မြတ်၏ ရင်ထဲတွင်ကား သာ၍ ပူလောင်နေသေး၏။ မောင်က သူ့ကို ကစားသွားသည်။
တကယ်ဆို အစကတည်းက မိုးဆောင်းနှင့်မောင်မှာ ချစ်သူတွေဖြစ်လိမ့်မည်။ မိုးဆောင်းမရှိခိုက် မောင်က ပွဲလန့်တုန်းဖျာဝင်ခင်းသလို မေထက်မြတ်ဟူသည့် သူ့အပေါ် ချစ်ရင်းစွဲ မိမိကို အပိုင်ကြံသည်။ သူကိုယ်တိုင်ကလည်း ဒါကိုရိပ်မိလျက်နှင့်ပင် မောင်၏ အခရာပိုမှု၌ သာယာခဲ့သည်။ နစ်မျှောခဲ့သည်။ မူးမေ့ခဲ့သည်။ အခုတော့ မောင်သည် သူ့ကို ယတိပြတ် ဖြတ်၍မိုးဆောင်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလေပြီ။ မိုးဆောင်း၏ ရင်ခွင်တွင်းသို့ ခြေစုံခုန်ဝင်သွားလေ
ပြီ။ သူ့ကိုကားလှည့်ပင်မကြည့်တော့ချေ။သူသည် ခံပြင်းလွန်း၍ရင်ထဲ၌ ဗလောင်ဆူဝေနေသည်။ အခန်းထဲတွင်ပင် အိပ်၍မနေနိုင်တော့ပဲ ရုတ်ချည်းထလာကာ ဆိုင်ကယ်သော့ကိုဆွဲဖြုတ်ယူလိုက်သည်။
တစ်ခဏတွင်းချင်းပင် မောင့်ဒေါ်လေးအိမ်ရှေ့သို့ရောက်သွားသည်။ မေထက်မြတ်သည် ကြိုတင်ခွင့်တောင်းခြင်းမပြုပဲ အိမ်ထဲသို့ စိုက်စိုက်ဝင်သွားသည်။
အိမ်ထဲတွင် မိုးဆောင်းနှင့်မောင်မှာ အင်းတော်ကြီးသို့အလည်သွားတုန်း ရိုက်လာသည့်ပုံများကို ခေါင်းချင်းပူးကပ်၍ ကြည်ကြည်နူးနူးဖြင့်ကြည့်နေကြသည်။ မေထက်မြတ်၏ မျက်လုံးများမှာ ဒေါသဖြင့် ဖုံးလွှမ်းနေသည်။ ဆိုဖာ၌ ထိုင်နေသော နှစ်ယောက်သားမှာ ဝုန်းဝုန်းဒိုင်းဒိုင်းရောက်ချလာသော မေထက်မြတ်ကို မော့ကြည့်လိုက်ကြသည်။
"မောင်... ငါနဲ့ အပြင်ခဏလိုက်ခဲ့ ပြောစရာရှိတယ်"
မေထက်မြတ်က ဒေါသသံကိုထိန်း၍ ပြောလိုက်သည်။ မောင့်မှာ ခနဲ့ပြုံးကလေး တစ်ချက်ပြုံးသည်။
"မေထက်မြတ်... ဒီအိမ်ကိုနောက်ထပ်မလာပါနဲ့တော့လို့ မင်းကို ငါပြောခဲ့ဖူးတယ်ထင်တယ်"