မိုးဆောင်းက မျက်လုံးစုံမှိတ်၍ 'အချစ်'နောက် တကောက်ကောက်လိုက်သည်။ မောင်က မျက်လုံးကိုရှင်ရှင်ဖွင့်၍ 'အချစ်'ကို ရှာသည်။ တွေ့သည့်အခါ ကောက်ယူ၍ ကျောက်ရိုင်းတစ်တုံးလို သွေးဖြတ်ပဲ့ပြင်သည်။ ထို့နောက် မြတ်နိုးယုယသ,ထားကာ အလိုရှိရာ၌ အကျိုးရှိစွာအသုံးချသည်။ မောင် ရှာဖွေတွေ့ရှိသွားကာ မောင့်ဆီမှာလိုလိုလားလား အသွေးခံရသည့် ကျောက်ရိုင်းတုံးကလေးမှာ မိုးဆောင်းသာလျင်ဖြစ်၏။
°°°°°°°°°°
နောက်အပတ်ထဲတွင် ရေချိုးဆပ်ပြာရည်တစ်ခုအတွက် ကြော်ငြာရိုက်ရတော့မည်။ ကုမ္ပဏီနှင့် လက်တွဲမည့်ကိစ္စစာချုပ် ချုပ်ပြီးပြီဖြစ်၍ ဘာမှပူစရာမလို။ မောင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက်လည်း မိုးဆောင်းတစ်ယောက်လုံး ရှိပြီးသားဖြစ်နေ၍ မောင့်အတွက် ရေကန်အသင့်ကြာအသင့်သာ။ အညွှန့်တလူလူဖြင့် တက်လှမ်းရတော့မည့် လှေကားထစ်ခပ်စိပ်စိပ်ကလေးတွေနှင့် မောင့်ဘဝလမ်းတစ်ခုကို ကြိုမျှော်ကာ မောင့်မှာ ပျော်မြူးနေ၏။ အိပ်မက်လှလှတွေ တစ်ပုံတစ်ပင်နှင့် မောင့်စိတ်ဟဒယမှာ အားသစ်လောင်းကာ ပျော်ရွှင်ကြည်မြနေသည်။
သို့သော်ငြား ငွားငွားစွင့်စွင့် ပွင့်လန်းတော့မည့် ပန်းကလေးတစ်ပွင့်ဆိုပါက မုန်တိုင်းသည် အငြိုးတကြီးဖြင့် ခပ်သည်းသည်းရိုက်ချဖျက်ဆီးတတ်၏။
မောင့်အတွက်မူ ဤသို့အရိုင်းမုန်တိုင်းတစ်ခုမှာ ဆိုရှယ်မီဒီယာမှ စလာသည်ဟုဆိုရမလား။ 'ရုပ်ကလေးချောသလောက် စာရိတ္တမလှတဲ့ အပျက်မ'။ သည်ခေါင်းစဉ်သည် မောင့်မျက်နှာလှလှကလေးနှင့် တွဲကာ ဟိုးလေးတစ်ကျော်ဖြစ်နေ၏။ ဘယ်သူကစဖွ, လိုက်သည်မသိ။ မောင်တွဲခဲ့ဖူးသည့် ရည်းစားဟောင်းတွေရော၊ ရည်းစားဟောင်းတွေရဲ့ အသိုင်းအဝိုင်းတွေရော ကလုံအုပ်စုံ စုပြုံ၍ အုံလိုက်ကျင်းလိုက် မောင့်အကြောင်းတွေချည်း ပြောနေကြ၏။
လူတွေသည် အတော်တရားကျဖို့ကောင်းသည်။ မောင့်မျက်နှာ လှလှကလေးကိုမြင်စတုန်းကတော့ သူတို့ချစ်ကြ၏။ ခင်ကြ၏။ မောင့်ကိုဂရုစိုက်ကြ၏။ ထို့နောက် တစ်ဆင့်တက်ကာ မောင့်ဆီမှ ချစ်ခြင်းကို သူတို့လိုလားကြ၏။ မောင့်ထံမှ အချစ်ကိုမရလျှင်ပင် သေလုမျောပါး ဝေဒနာခံစားနေရသည့် လူများလိုပြုမူတတ်ကြသည်။