မောင်က ရေချိုး၊ ခေါင်းလျှော်ပြီး၍ ဆံပင်တွေကို တံဘက်နှင့်ပတ်ကာ အဝတ်စားကိုအရင်ဝတ်လိုက်သည်။ ထိုအခိုက် မိုးဆောင်းက မောင့်အတွက် ကော်ဖီပူပူလေးတစ်ခွက်ဖျော်လာပေးသည်။ မောင်က ထိုင်ခုံတစ်ခု၌ ထိုင်လျက် ကော်ဖီကိုမှုတ်ပြီး တစ်ကျိုက်သောက်လိုက်သည်။ မောင့်မျက်နှာမှာ အနည်းငယ်ပို၍ လန်းလာသည်။
"လောကကြီးမှာလေ မိုးဆောင်းဖျော်တိုက်တဲ့ ကော်ဖီတွေက အကောင်းဆုံးပဲ၊ မိုးဆောင်းပဲ မောင့်အကြိုက်ကိုသိတယ်"
မောင်က လိုချင်တာရသွားသည့် ကလေးငယ်တစ်ဦးလို ပြုံးပြီးပြောသည်။ မောင့်ရဲ့ သည်လို အညု၊ အခရာတွေက တစ်ဖက်လူကို တမင် မချစ် ချစ်လာအောင်ပြုတတ်သည့် ကြောင်ကလေးတွေနှင့်တူသည်။
"မင်းလား ငါ့ကိုမချစ်ချင်တာ၊ ငါ့ကိုကြည့်စမ်းပါအုံး... ကဲအခု မချစ်ပဲ နေနိုင်သေးလား" ဟုစိန်ခေါ်သံ အခန့်သားနှင့် မေးနေသကဲ့သို့ရှိသည်။ မိုးဆောင်းမှာ ဟိုး... ယခင် ရောမ၊ ခေါမတို့ခေတ်က အလှဘုရင်မ Celeopattra ကိုသွားသတိရသည်။ တစ်ဖက်နှင့်တစ်ဖက် စစ်ဖြစ်ကြတော့မည့်ဆဲဆဲ စစ်ဘုရင် အန်တိုနီက ကလီယိုပါထရာအား သူ၏ရန်သူဘက်မှ ဝင်ကူသည်ဟုဆိုကာ ရာဇသံနှင့် ဆင့်ခေါ်ခဲ့၏။ ဤသည်ကို ကလီယိုပါထရာတစ်ယောက် တုံ့ပြန်ပုံကိုကြည့်ပါလေ။ မိန်းမတစ်ယောက်၏ အမြင့်ဆုံးသော စွမ်းရည်ဖြစ်သော မာယာကျော့ကွင်းဆင်လျက် အန်တိုနီအား အမျှက်ပြေစေရုံမက သူမကိုချစ်လာအောင်ပါ တစ်ခါတည်းသိမ်းသွင်းနိုင်ခဲ့၏။ နောက်ဆုံး၌ အန်တိုနီက ဆိုသည်။
“အိုး... ဘုရင်မ၊ ကျွန်ုပ်တစ်သက်တာ၌ ဤမျှထူးထွေမွန်မြတ်သော ဧည့်ခံပွဲမျိုးမကြုံဖူးခဲ့ပါ။ သို့သော်လည်း နီရဲရဲဝိုင်အရက်က အသင်ဘုရင်မ၏ ပါးပြင်များလောက် နီရဲလှပခြင်းမရှိပါ။ စားပွဲပေါ်၌ ထိုးထားသော နှင်းဆီပန်းများကလည်း အသင်ဘုရင်မ၏ ဦးခေါင်းမှ ဆံနွယ်များလောက် ရနံ့မွှေးပျံ့ခြင်းမရှိပါ။ ဤအခန်းတွင်း၌ စီခြယ်ထားသော ကျောက်မြက်ရတနာများသည်ပင် အသင်ဘုရင်မ၏ မျက်လုံးများလောက် တောက်ပြောင်လှပခြင်းမရှိပါ”
ဒေါသအမျှက်ချောင်းချောင်းထွက်နေသည့် စစ်ဘုရင်ကြီး၏စကားပါ။