ဘာပဲဖြစ်ဖြစ် မောင့်ဆီကို ရောက်အောင်သွားမယ်၊ မောင့်နှလုံးသားကို ရအောင်ပြန်ယူမယ်လို့ စိတ်ကတင်းထားပေမယ့် ခြေလှမ်းကယိုင်ချင်သည်။ ခေတ်အဆက်ဆက် တစ်ရာ့တစ်ပါးသော လူမျိုးတွေက အချစ်အတွက်နှင့် စစ်ခင်းခဲ့ကြဖူးတာပဲ။ မောင်က မိုးဆောင်းရဲ့ ချစ်သူ။ ကိုယ့်ချစ်သူကို ကိုယ်ရအောင်ပြန်ယူတဲ့ ကိစ္စမှာ ဘာများတွေဝေနေစရာရှိသလဲလေ...။
မြစ်ကြီးနား-မန္တလေးအထူးမြန်ရထားသည် မိုးညှင်းဘူတာအဝင်ရှိ ညောင်ပင်ကြီးခြေရင်းသို့ ထိုးရပ်လေသည်။
ခရီးသည် အတက်အဆင်းတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်တွေနှင့် ယခုလိုကျပြန်တော့လည်း မိုးညှင်းမြို့သည် တကယ့်မြို့ကြီးလိုလိုပင်။ စည်စည်ကားကားနှင့် မြို့ဟန်ဆောင်နေသော မြို့တစ်မြို့နှင့်တူနေသည်။ သို့သော် ဤမြို့လေး၏ ထူးခြားမှု၊ ငြိမ်သက်မှု၊ အေးမြမှုတို့ကိုကား ရုတ်ချည်းမခံစားရ။ တဖြည်းဖြည်းနှင့်မှ တရိပ်ရိပ်တိုးလာတတ်သော အေးချမ်းမှုမျိုးနှင့် သာယာပုံမျိုးဖြစ်သည်။
ဤသည်ကို မိုးဆောင်းက ကောင်းကောင်းသိသည်။ ထို့ကြောင့် သက်ပြင်းတစ်ချက်သာချကာ အနည်းငယ်ရှုပ်ထွေးနေသော ဘူတာရုံ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ အရင်ဆုံး သွားမိသည်က ယခင်နေခဲ့ဖူးသော ကျူရှင်ဝိုင်းသို့။ ၎င်းကျူရှင်ဝိုင်းသည် ယခု၌ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုဖြစ်လို့နေချေပြီ။ မိုးဆောင်းတို့တုန်းကလို ပျော်စရာမှ ကောင်းပါသေးရဲ့လားဟုလည်း တွေးမိနေသည်။
ထို့နောက် ခြေလှမ်းခပ်စိပ်စိပ်ဖြင့် ထပ်ထွက်လာရာ စိမ်းရတနာမွန် ရပ်ကွက်ကို ကျော်လာလျက် အောင်ချမ်းသာရပ်ကွက်လမ်းသွယ်လေးတစ်ခုထဲသို့ ချိုးလာသည်။ မိုးဆောင်း၌ ခရီးဆောင်အိတ်လို့ဆိုစရာ ကျောပိုးအိတ်တစ်လုံးသာ ပါလာလေသည်။ မိုးဆောင်းက ခရီးသွားလျင် ကရိကထများစေမည့် ပစ္စည်းများများမယူတတ်။ တစ်ကိုယ်ရေ တစ်ကာယ ပေါ့ပေါ့ပါးပါးသာ သွားတတ်လာတတ်သည်။
မောင့်ဆီသို့ဟု ရည်ရွယ်ချက်နှင့် လှမ်းသော ခြေလှမ်းများပေမို့လားမသိ မိုးဆောင်းရဲ့ ခြေလှမ်းတွေမှာ ပေါ့ပါးနေသည်။ မြေပေါ်တွင် လမ်းလျှောက်နေခြင်းနှင့်မတူပဲ လေထဲတွင် လမ်းလျှောက်နေရသကဲ့သို့ရှိသည်။ နဖူးစပ်တွင် ချွေးအနည်းငယ် စို့လာသော်လည်း ပင်ပန်းခြင်းမရှိ။ သည်လမ်းတွေ မရောက်တာကြာပြီဖြစ်၍ ယခုမိမိဝင်လာခဲ့သည်မှာ လမ်းသွယ်-၁လား၊ ၂လားဆိုတာကိုပင် ကွဲကွဲပြားပြား မမှတ်မိတော့ပေ။ အတန်ကလေး လျှောက်လာပြီး ပျော်ဘွယ် ဘုန်းတော်ကြီးကျောင်း နောက်ဖေးသို့ မြင်နေရမှ ဟူးခနဲ သက်ပြင်းကိုချလိုက်နိုင်သည်။ ဟုတ်သည်။ မိုးဆောင်း သွားမှာက ပျော်ဘွယ်ရပ်ကွက်ဆီသို့။