တစ်ညသောအခါ မိုးဆောင်းက ပြောလာသည်။
"မောင်... ဒီည စောစောအိပ်ပါ၊ မနက်ဖြန် မိုးညှင်းဘက် ခရီးသွားဖို့ရှိတယ်၊ လေးနာရီနီးပါးလောက်တော့ ကားစီးရမှာပေါ့... ဘယ်လိုလဲ... မောင်သွားချင်ရဲ့လား.... "
"ဟင်.... "
ဒီတစ်ခါ အံ့အားသင့်ရသူက မောင်ဖြစ်သည်။ နဂိုစီစဉ်ထားခဲ့သည့် ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်၌ မိုးညှင်းသွားမည့် ကဏ္ဍက မပါ။ သို့သော် မိုးဆောင်းက ကောက်ကာ ငင်ကာ စီစဉ်လိုက်သည့်အတွက် မောင် အံ့ဩဝမ်းသာ ဖြစ်မိရသည်။
"ကောင်းတာပေါ့၊ မောင်လည်း ဒီအိမ်မှာ ကြာကြာနေရမှာတော့ပျင်းတယ်၊ ဘာပဲဖြစ်ဖြစ် မောင်တို့ရဲ့ အိမ်မဟုတ်လို့ နေသားမကျဘူး၊ ကြာကြာနေရင် မိုးဆောင်းရဲ့ ခဲအိုကိုလည်း အားနာဖို့ ကောင်းတယ်မလား၊ သူ့ခင်ဗျာ မိန်းမသားတွေကြားမှာ အနေရခက်နေရှာမှာ... "
"အင်း... အင်း... မိုးဆောင်း သိပါတယ်၊ ကိုယ့်ကောင်မလေး အကြောင်းကို ကိုယ်အသိဆုံးပေါ့.... ဘာပဲဖြစ်ဖြစ် မနက်ဖြန် မိုးညှင်းဘက် ဆင်းမယ်၊ ဒီညတော့ စောစော အိပ်ကြစို့... Good night "
စကားဆုံးသည်နှင့် မိုးဆောင်းက မောင့်နဖူးပြင်လေးကို ခပ်ဖွဖွနမ်းသည်။ မောင်ကလည်း မိုးဆောင်း၏ လက်မောင်းနှင့် လက်ဖမိုးလေးများကို အမြတ်တနိုး ဖက်တွယ်နမ်းရှိုက်လိုက်၏။ ဤအမျိုးသမီးကလေးနှစ်ယောက် ပေါင်းစပ်နေလျှင် မဆုံးနိုင်သော အချစ်တေးသွားတစ်ပုဒ်ကို သီကျူးနေသလိုရှိသည်။
နောက်တစ်နေ့ နံနက် လင်းသည်နှင့် မိုးဆောင်းနှင့် မောင် ကိုကိုဆောင်းမြတ်မင်း၏ ကားကို ခေတ္တငှားကာ မိုးညှင်းဘက် ဆင်းလာကြသည်။ အချိန်ကား ဧပြီလ အစောပိုင်းဖြစ်၍ ကချင်ပြည်နယ် ရာသီဥတုမှာ တစ်ချက် တစ်ချက် ဆောင်းသူငယ်ပြန်သေး၏။
"မောင်... နွေးနွေးထွေးထွေးနေပါနော်... အအေးမိပြီး နှာစေးဖြစ်လိမ့်မယ်"
မိုးဆောင်းက ထုံးစံအတိုင်း မောင့်အတွက် စိတ်ပူပန်ပေးနေသည်။ မောင်ကတော့ ပူလှောင်အိုက်စပ်လှသည့် ရန်ကုန်လေထုကြားမှာ မွန်းကြပ်နေပြီဖြစ်ကာ ယခုမှပင် မိုးဆောင်းနှင့်အတူ ကားကလေးဖြင့် သာသာယာယာ ခရီးထွက်ရ၍ လန်းဆန်းတက်ကြွနေသည်။