မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (33)

5.1K 600 40
                                    


ခြံထဲသို့ဝင်ဝင်ချင်း သူ့ဆီအပြေးလာသည့် တာကြောင့် ရွှေရိုးနောင် စက်ဘီးကိုခပ်မြန်မြန်ရပ်လိုက်ရသည် ။ တာ့ ပုံစံသည် ရေထဲမှငါးလေးလို လွတ်လပ်ပေါ့ပါးလျက် ။ နဖူးအစတွင် အနည်းငယ်ကျနေသည့် ဆံစများကြောင့် တာ့မျက်နှာလေးသည် ရှိရင်းစွဲအသက်ထက်ပင် ပိုနုသွားသလိုမျိုး ။ တာ့ဆီမှရနေကျ ခပ်သင်းသင်းမွှေးရနံ့သည် ရွှေရိုးနောင်၏ စိတ်အာရုံကို ရွှင်ပျသွားစေ၏ ။

အမောပြေလိုက်တာ ။

ကြည့်ရသည်မှာ သူ ဈေးသို့သွားသည့်အချိန် တာ ရောက်လာခြင်းဖြစ်လိမ့်မည် ။

" တာ ရောက်နေတာ ကြာပြီလား "

လက်ဆယ်ချောင်းလုံးကို သူ့မျက်နှာရှေ့ ထောင်ပြလာသည့် တာ ။

" ဆယ်မိနစ်လောက်ရှိပြီပေါ့ "

" အင်း ၊ အန်တီကျွေးတဲ့ မုန့်ဟင်းခါးကိုတောင် အခုလေးတင် စားပြီးသွားတာ "

ခပ်ကြွားကြွားလေးပြောလိုက်သံ ။ တာ့က ဂရုစိုက်ခံ ၊ အချစ်ခံရသည်ကို သိပ်သဘောကျတတ်သည့်ကောင်လေး ။ ယခုလည်း အမေက ဂရုတစိုက်ရှိသည်ကို ရွှေရိုးနောင်ထံ ကြွားချင်ပုံ ။

ရွှေရိုးနောင် စက်ဘီးနောက်ခုံပေါ်မှ ခြင်းကြီးကို ကြိုးဖြည်နေသည့်တစ်လျှောက်လုံး ပီတာထွန်းညွှန့်သည် ဘေးတွင်သာရပ်နေသည် ။

ရွှေရိုးနောင် ခြင်းကိုချည်ထားသည့်ကြိုးကို စက်ဘီးရှေ့ခြင်းထဲသို့ပစ်ထည့်လိုက်၏ ။

" တာ ဘာလိုလို့လဲ "

" မလိုပါဘူး ၊ မင်းကို ငါ ခြင်းကူသယ်ပေးဖို့ "

" ရပါတယ် တာရဲ့ ၊ ကျွန်တော် တစ်ယောက်တည်း မနေကျပါ ၊ ကျွန်တော်နိုင်ပါတယ် "

ထိုသို့ငြင်းလိုက်သည့်အခါ တာ့မျက်နှာက မကျေနပ်ပုံ ။ ဘာစကားမှတော့ ဆက်ပြောမလာဘဲ ခြင်း၏လက်ကိုင်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏ ။
တစ်ခုခုလုပ်ချင်လျှင် ဖြစ်အောင်လုပ်တတ်သည့် တာ့အကျင့်ကိုသိ၍ ဇွတ်မပြောတော့ ။ ထိုအစား တာ မ၍သက်သာစေရန် ရွှေရိုးနောင် သူ့ဘက်အခြမ်းရှိခြင်း၏လက်ကိုင်ကို အားအပြည့်နှင့်မချလိုက်သည် ။ လှေကားကိုတက်တော့လည်း တာ ချော်လဲမည်စိုး၍ သတိပေးရသေးသည် ။ " မင်းကဆရာကြီးလား "ဆိုသည့်အသံ တာ့ထံမှထွက်လာတော့ ကပျာကယာ ခေါင်းယမ်းပြမိသူမှာ ရွှေရိုးနောင်ပင် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Hikayelerin yaşadığı yer. Şimdi keşfedin