#Unicode
ထယ်ယောင်းသည် လူစိမ်းဆီမှ ထူးဆန်းသောအခေါ်အဝေါ်အား ဆက်တိုက်ကြားနေရ၍ အာရုံထွေပြားချင်လာရသည်။
ထို့ကြောင့် မြန်မြန်အဆုံးသတ်သွားချင်တာမို့ ထိုလူ့လက်ကို ဝတ်ကျေတန်းကျေပြန်ဆွဲကိုင်ရင်း" ငါက ကင်မ်ထယ်ယောင်း မင်းပြောတဲ့တစ်ယောက်ကို ငါမသိဘူး "ဟု သူပြောလိုက်မိသည်။
ဒါကရယ်ချင်စရာ ကောင်းနေမည်လား မသိသော်လည်း သူ့ရှေ့ကလူခေါ်နေသော နာမည်ဟာ သူမဟုတ်တာတော့ သေချာနေသည်လေ။ထိုလူက ခပ်ရေးရေးပြုံးရင်း
" ကိုယ်တို့သွားကြတာပေါ့ "ဟုပြောလာသည်။တကယ်ကို အေးတိအေးစက်နှင့်ပင်။ထယ်ယောင်းထပ် ၂နှစ်ငယ်သည်ဟု ဒယ်ဒီပြောထား၍သာ ယုံရသည်။ထိုလူ့ခန္ဓာကိုယ်က ထယ်ယောင်းကိုထက်သန်မာကာ အရပ်ကပင် ထယ်ယောင်းကို ကျော်ချင်နေပြီဖြစ်သည်။
ကားအနောက်ခန်းတံခါးကို ဆွဲဖွင့်သည်မြင်တာမို့ ထယ်ယောင်းမျက်မှောင်ကြုံ့လိုက်မိသည်။
" ဒီမှာ ငါ မင်းဒရိုင်ဘာ မဟုတ်ဘူး "
" အိုး ကိုယ်တောင်းပန်တယ် "
ထိုလူက ထယ်ယောင်းရှိရာသို့ပြန်လျှောက်လာရင်း ရှေ့ခန်းတွင် ဝင်ထိုင်သည်။မိမိ၏ အိမ်ထောင်ဖက်ဆိုသောသူဟာ ယောကျာ်းတစ်ယောက်ဖြစ်နေခြင်းအပေါ် ထယ်ယောင်းအတွက် စောတကတက်စရာမရှိပေ။
သူ့မှာက အချစ်အမုန်းဟူသည်မရှိတာမို့ လူတစ်ယောက်နှင့်ပေါင်းဖက်ရခြင်းဟာ ယောကျာ်းဖြစ်ရမည်။မိန်းမဖြစ်ရမည် ဆိုတာ သူစိတ်မဝင်စားပေ။
အဓိကက သူ့လွတ်လပ်ခွင့်တွေ မဆုံးရှုံးဖို့သာဖြစ်သည်။" အန်ကယ်လ် ကင်မ်က မင်းကိုဘာတွေပြောထားလဲ "
အေးတိအေးစက်အပြန်လမ်းကို ထိုလူကစတင်ဖြိုခွဲသည်။ထယ်ယောင်းဘက်က ထိုလူနဲ့ စကားပြောဖို့စိတ်မပါသေးပေ။ထို့ပြင် မိမိအား ရွယ်တူလိုပြောဆိုနေသော ဒီလူ့ပုံစံကိုလည်း သူသဘောမကျ။ထို့ကြောင့်
" ကားမောင်းနေတဲ့သူနဲ့ ဆွေးနွေးချင်နေရလောက်အောင်ထိ အလျင်လိုနေတာလား "
ကားကိုအာရုံစိုက်နေသည့်ပုံဖမ်းရင်း ခပ်ရွတ်ရွတ်စကားဆိုလိုက်တော့ ထိုလူက အနည်းငယ်မျှသာပြုံးရင်း ရှေ့တည့်တည့်သို့ ပြန်လှည့်သွားတော့သည်။
သူ့ပုံစံက ထယ်ယောင်းအား နောကျေစွာ သိထားသည့်လူလို။ထယ်ယောင်းဘက်က ဘယ်လောက်ပဲ အကန်တွေပြောနေပါစေ မပီမပြင်အပြုံးတစ်ခုနှင့်သာ တုံ့ပြန်တတ်သည်။