#Unicode
ကာစီနို ဝိုင်းတစ်ခုတွင်ဖြစ်သည်။
လုပ်ငန်းရှင်ကြီးတစ်ချို့လည်း ထိုဝိုင်းထဲတွင်ရှိသလို သူဌေးသား လူပေါ်ကျော့လေးများနှင့် အတုမြင်အတတ်သင် စူးစမ်းလိုကြသူများလည်း ထိုနေရာတွင် ရှိနေသည်။ထိုထဲတွင် ကင်မ်ထယ်ယောင်းဟူသော သူဌေးသားလေးလည်းအပါအဝင်ဖြစ်သည်။
ထယ်ယောင်း၏ ဖခင်မှာ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး မိတဆိုးသားလေးဖြစ်တဲ့ထယ်ယောင်းကို အလိုလိုက်အကြိုက်ဆောင်ကာ အကုန်လိုက်လျောပေးတတ်သည်။ငယ်စဥ်ကတည်းက လိုတရဘဝနှင့်သာ ကြီးပြင်းခဲ့ရသည့် ထယ်ယောင်းဟာ ငွေကိုရေလိုသုံးရင်း ဆိုးပေသည့် လူငယ်လေးဖြစ်လာတော့သည်။
အသက်၂၅နှစ်အရွယ်ရောက်သည်တိုင်အောင် သူမယ်မယ်ရရ လုပ်တတ်သည်က ဘာမှမရှိသေးချေ။ယခု ကာစီနိုဝိုင်းသို့လည်း အပေါင်းအသင်းအဆွယ်ကောင်းမှုကြောင့် ရောက်လာခြင်းဖြစ်သည်။
" ကဲ ဘယ်လိုလဲကောင်လေး ရှုံးပွဲတွေပဲဆက်တိုက်ဆိုတော့ အဆင်ပြေသေးရဲ့လား "
ခပ်ဝဝနှင့် လူအိုကြီးတစ်ယောက်က ထယ်ယောင်းကို မျက်စမျက်နဖြင့် ပြောလာတာကြောင့် လက်သီးကိုတင်းနေအောင်ဆုတ်လိုက်ရင်း ဘောင်းဘီအိပ်ကပ်ထဲမှာ ကားသော့ကို စားပွဲခုံပေါ် တင်လိုက်သည်။
ဒါဒယ်ဒီ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သော i8အမျိုးအစားလေးဖြစ်သည်။သူကိုယ်တိုင်ကြိုက်လွန်း၍ ကြွကြွရွရွလေးသာ စီးတတ်သော သူ့ဘေဘီလေးဖြစ်သည်။သို့သော် ထယ်ယောင်းသည် သူ့အားအထင်အမြင်သေးခြင်းကို အလွန်မုန်းသူဖြစ်သည်။
" ဒီမှာ ကားသော့ ခင်ဗျားတစ်ဘဝလုံးစာလောက်ထိ တန်တယ် "
ထို့နောက် ကစားပွဲကဆက်လက်၍ ရှိနေတော့သည်။သိပ်မကြာလိုက်ခင်မှာပဲ ထယ်ယောင်း၏ i8လေးဟာ ထိုလူ့လက်ထဲသို့ ရောက်သွားခဲ့လေပြီဖြစ်သည်။
" တောက်! "
" စိတ်လျှော့ပါ လူငယ်လေးရဲ့ မင်းပိုက်ဆံသာပါရင် ဒီကားကိုအချိန်မရွေးပြန်လာယူလို့ရတယ်
ခုရော ကားခယူသွားဦးမလား "