အလင်းရောင်ခပ်သဲ့သဲ့က ဧသာန့် ပတ်ဝန်းကျင်ကိုဖြာကျလာတာကြောင့်မျက်လုံးကို အလောတကြီးဖွင့်လိုက်သည်။အပြာရောင်မျက်နှာကျက်က စိမ်းသက်သက် ။ထို့အပြင် စကြာဝဠာထဲက ကြယ်တွေကို ရေးဆွဲထားသေးသည်။
"-ိုးတဲ့မှ၊ ကိုယ်ကျိုးတွေနည်းကုန်ပြီထင်တယ်"
အသံထွက်ကာ ဆဲရေးလိုက်ရင်း ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်မိသည်။သို့သော် မနေ့က သောက်ထားသော အရှိန်ကြောင့် ခေါင်းထဲကမိုက်ခနဲ။
"အား ကျွတ် ကျွတ် -ိုးမအရက်။-ီးထဲမှပဲ"
နိုးနိုးချင်း အဆဲတလိုင်းနှင့် နိုးထလာခဲ့သည်။ဧသာန် ထိုင်နေတဲ့နေရာ ကကျယ်ပြန့်သော ကုတင်ကြီး၏ တစ်ဖက်စွန်းတွင်ဖြစ်သည်။ဘေးဘက်တွင် လူတစ်ရပ်မြင့်သော စာအုပ်စင်ကြီးတစ်ခုရှိသည်။
ကိုယ်လုံးပေါ်မှန်တစ်ချပ်အပြင် ဘွဲ့ရဓာတ်ပုံများ၊ဆုလက်မှတ်များ၊ဆုတံဆိပ်များ၊ဒိုင်းကာ များက အစီအရီ ၊ဧသာန့်ဘေးက ခုံထက်တွင် စာအုပ်ထူများကနေရာတကျ သေသပ်စွာရှိနေသည်။
ထိုအရာတွေ မြင်မှ ဧသာန် စိတ်အေးသွားသော်လည်း စိုးရိမ်စိတ်အပြင် ရှက်ရွံ့စိတ်တွေပါ ဝင်ရောက်လာသည်။
"သေစမ်း၊ငါ မွန်းဧကရာဇ်မောင် အခန်းထဲရောက်နေတာပဲ။မျက်နှာကို ဘယ်လိုပြရမှန်းတောင်မသိတော့ဘူး"
ကုတင်ပေါ်ကအလျင်အမြန်ဆင်းကာ မှန်ရှေ့သို့ အတင်းပြေးသွားမိသည်။မနေ့က ဝတ်ထားသော အနက်ရောင် အင်္ကျီလေးက အရင်အတိုင်းရှိနေကာမျက်လုံးနှစ်ဖက်ကလည်း အိပ်ထားတာကြောင့် ဖူးဖောင်းနေသည်။နှုတ်ခမ်းနှစ်လွှာက အရင်ကထက်ပင် နီရဲနေလေ၏။
"ဒါတွေကထားပါ။အခုငါမောင့်ကို ဘယ်လိုရင်ဆိုင်ရမလဲ။စဉ်းစားစမ်း ဧသာန်ဒရင်း။ဉာဏ်နီဉာဏ်နက်တွေ ထွက်လာခဲ့စမ်း။"
စာအုပ်စင်ကြီးရှေ့တွင် ပါးစပ်မှရေရွတ်ကာခေါက်တုံ့ခေါက်ပြန်လျှောက်နေလိုက်သည်။တကယ့်တကယ်ဆို အဲ့ဦးနှောက်က လုံးဝသုံးစားလို့မရဘူး။
"နိုးနေပြီလား..."
ရုတ်တရက် မောင့်အသံကြောင့် ဧသာန် ထခုန်မိသွားသည်။တံခါးဘက်ကိုလှည့်ကြည့်တော့ တံခါးကပွင့်မနေ။ဒရောသောပါး ကုတင်ပေါ်သို့ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံလိုက်သည်။