ပြန့်ကျဲနေသော အခန်းထဲက နာရီများ ၊ပန်းအိုးများကို ဆန်းသက္ကရာဇ်မောင်တစ်ယောက် လျစ်လျှူရှုမထားနိုင်။ပြန်ရောက်ကတည်းက တစ်ကိုယ်တည်းသောင်းကျန်းနေသော မွန်းကြောင့် ဆန်းပါ လန့်လာသည်။
တော်ရုံဆို ဖွင့်ဟမထုတ်ဖော်တတ်သည့်မွန်းက ယခု ပေါက်ကွဲနေသည်။မည်သည့်အကြောင်းအရာကြောင့်ဖြစ်နိုင်ပါသနည်း။အဘယ်အရာက မွန်းကို ပေါက်ကွဲစေပါသနည်း။
>>>။
ကျောခိုင်းသွားသော လိမ္မော်ရောင်ကျောပြင်ကြီးကို မွန်း စိတ်ပျက်မိသည်။ရိုက်ချိုးထားသော အပြာရောင် ပင်လယ် လာဗင်ဒါပန်းအိုးများက ဗရပွ။အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော နာရီ ဆယ့်လေးလုံး။ဒါတွေကို မွန်းဂရုမစိုက်နိုင်။သွားမည့်သူကို မွန်း မည်ကဲ့သို့ ပြောဆိုခဲ့ပါသနည်း။
ဖုန်းကို ကိုင်ကာ နောက်ဆုံးမက်ဆေ့ပို့ထားသော နံပါတ်ကိုသာ ထပ်ကာထပ်ကာ ခေါ်နေမိသည်။သို့သော် ပြန်ဖြေကြားမယ့်သူမရှိခဲ့။ကုတင်ခြေရင်းတွင် ထိုင်ရင်း ဒေါသတွေကို အဆုံးအဆမရှိပေါက်ကွဲစေလိုက်သည်။
ဂုဏ်သိက္ခာကိုငဲ့ကွက်နေသော မိမိ၏မျက်နှာကိုပင် အက်စစ်ဖြင့် ဆေးကြောပစ်လိုက်ချင်မိသည်။ဧသာန်ဒရင်းဆိုသော အမျိုးသားက သူ့အပေါ် ဘယ်လောက် အနစ်နာခံလိုက်သလဲ။
မောင်ဆိုပြီး စတွေ့ကတည်းက ပါးစပ်ဖျားကမချပဲခေါ်ခဲ့သည်သာမကလိုလေသေးမရှိတောင် ပြုစုသည်။
ဒီအရာတွေကို ထည့်မတွက်ပဲ သူ၏စိတ်ရင်းကိုမြင်အောင်မကြည့်ခဲ့သည့် ကိုယ်ကသာ ရူးနေခြင်းဖြစ်သည်။တစ်ပတ်ဆိုသော အချိန်ကာလသည် တာရှည်လွန်းခဲ့ပါ၏။
သတင်းစာ မျက်နှာဖုံးတွင်ပါလာသောစေ့စပ်ကြောင်းလမ်းခြင်း က အသည်းတွေကို တဆစ်ဆစ်နာကျင်စေသည်။မွန်း ဝန်ခံပါသည်။ကိုဧသာန်ဒရင်းကိုအဆုံးရှုံးမခံနိုင်ပါ။စကားတက်တိုင်းပြောလိုက်သည့် စကားတွေက ဓားတစ်လက်ထက်ပင် ချွန်မြတာကြောင့် အနာတရဖြစ်ခဲ့ရသည်။
ဧသာန်ဒရင်းကိုချစ်လားဆိုတာ မွန်းမသိ။မွန်းသိတာ တစ်ခုက ဧသာန်ဒရင်းကို မွန်းကလွဲပြီး ဘယ်သူမှပိုင်ခွင့်မရှိ။ဧသာန်ဒရင်းကို မွန်းပိုင်ဆိုင်ရမည်။မွန်းအတ္တတွေကိုရှေ့တန်းတင်ချင်သည်။