🌀Chapter (8)🌀

305 27 18
                                    

*Zawgyi*

မဟူရာညနက်နက်ကား တိတ်ဆိတ်ငြိမ်သက်လှစွာ။အိမ်ရှေ့မီးတိုင်လေး၏အောက်ဝယ် ပိုးဖလံမျိုးတို့ မီးကိုတိုးလို့ လူးလာခေါက်တွန့်ပျံသန်းနေကြသည်။အဝေးတစ်နေရာမှ ကျီးပြိုသံ၊ပုစဉ်းရင်ကွဲသံနှင့် တအွမ်အွမ်အော်တတ်သည့် ဖားလေးများ၏ မိုးခေါ်သံတို့ဟာလည်း ပတ်ဝန်းကျင်အနှံ့ဆူညံလျက်။စောနကမှ အပြင်းအထန်မိုးရွာထားသောကောင်းကင်သည် အခုတော့ သူမတူစွာ ရေပြင်ညီကဲ့သို့ မလှုပ်မယှက် ငြိမ်သက်လို့။

ညဘက်ရေမိုးချိုး ညစာစားပြီးနောက် ဒိုဒိုတစ်ယောက် ကုတင်ပေါ်မှာ စိတ်အေးလက်အေးထိုင်ချလိုက်သည်။အရင်နေ့တွေက ဒီလိုနားချိန်ဆို ဖုန်းသုံးလေ့ရှိပေမယ့် ဒီနေ့တော့ ဖုန်းသုံးချင်စိတ်မရှိလောက်အောင်ကို သူ့စိတ်အာရုံကို ထွေပြားစေသည့် တွေးဆစရာအကြောင်းတရားတစ်ခုက ခေါင်းထဲရောက်လာခဲ့သည်လေ။

ဦးချစ်ခိုင်။

ဟုတ်သည်။အဲ့အဘိုးကြီးက အခုတလော အိမ်ကို အမေ့ကျီးပေါင်းကိစ္စအား အကြောင်းပြ၍ ခဏခဏရောက်လာနေသည်။ရောက်လာသည့်အခါတိုင်း မုန့်တွေ၊သစ်သီးတွေ အမျိုးမျိုးယူလာတတ်သည်။ဆေးတွေဆိုလျှင်လည်း တိုင်းရင်းဆေးဝါးတိုက်ဖွင့်လို့ရသည်အထိ အမျိုးမျိုးလာပို့ထားတာ တပုံတပင်,ပင်။

ဟူး..တွေးလေ တွေးလေ မေးခွန်းတွေပေါ်လာရလေဖြစ်သည်။အဘိုးကြီးက အမေနဲ့ အဲ့လောက်ရင်းနှီးနေခဲ့တာလား။အမေကလည်း ဦးဖေငြိမ်းတစ်ယောက်လုံး ရှိရက်နဲ့ အဲ့လူကို သွားရင်းနှီးထားတာလား။ဒိုဒို ခေါင်းရှုပ်မတတ်ပါပေ။

"🎵ရွှေပြုံး ငွေပြုံး ပွဲရတောင်ပြုံး၊ ပျော်မဆုံးလှတဲ့ တို့အညာပွဲတော် လာစေချင်ဖိတ်ခေါ် သမ္ဗာန်လှေ ငှက် စီးခတ်လို့လှော်၊ မီးရထားနဲ့ လာလိုလာနော်၊ ကားကလေးနဲ့ လာလိုလာနော်၊ လှည်းယဉ်ကလေးနဲ့ ပိုလို့ပိုလို့ပျော်🎵"

တိတ်ဆိတ်နေသော ညအလယ်တွင် ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် တောင်ပြုံးသီချင်းသံကြီး ထွက်ပေါ်လာ၏။

ဒိုဒိုတစ်ယောက် ဘာများဖြစ်သလဲဆိုပြီး ထိတ်လန့်သွားကာ နီးနီးကပ်ကပ်ရှိနေသောသီချင်းသံကို ဘယ်ကလာနေသလဲ လိုက်ရှာမိသည်။အိပ်ခန်းထဲကထွက်ကာ အောက်ထပ်ကိုဆင်းပြီး အသံလာရာကိုရှာနေလိုက်၏။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now