🌀Chapter (22)🌀

249 15 2
                                    

*Zawgyi*

"အမေ...အခုတလော ပင်ပန်းနေတာလားဟင်။မျက်နှာလည်း သိပ်မကောင်းဘူး"

ယခင်ကထက် ပိန်လှီချုံးကျနေပြီဖြစ်သော အမေ့ရဲ့လက်ချောင်းသွယ်သွယ်လေးများအား ဆုပ်ကိုင်ရင်း ဒိုဒို မေးလိုက်လေ၏။

ဟုတ်သည်။အမေက ယခင်ကထက် တော်တော်ပိန်သွားခဲ့တာ။မျက်နှာလေးက ဖြူဖျော့ချောင်ကျကာဖြင့် ခေါင်းပေါ်ကဆံပင်များဟာလည်း ပွယောင်းနေလျက်။တစ်ခုခုကို စိတ်ဆင်းရဲနေသလိုလို၊ နေထိုင်မကောင်းဖြစ်နေသောလူလိုလို ပုံစံဖြစ်နေတာမို့ ဒိုဒို စိတ်ပူပြီး မေးလိုက်မိခြင်းပင်။

"အမေ နေကောင်းပါတယ် သားရယ်။စိတ်မပူပါနဲ့။ဒီရက်ပိုင်းက အထည်တွေလာအပ်ကြတာများတယ်လေ။အဲ့တော့ တစ်နေ့တစ်နေ့ လက်မလည်တမ်း စက်ထိုင်ချုပ်နေရတော့ နည်းနည်းပင်ပန်းနေတဲ့ပုံပေါက်နေတာပါ။ဘာမှမဖြစ်ဘူး"

"နည်းနည်းမဟုတ်ပါဘူး။များများပါ။အပင်ပန်းခံလို့ အမေရယ်။ဒီအိမ်မှာ အမေတစ်ယောက်တည်း ဝင်ငွေရှာနေရတာမှ မဟုတ်တာဘဲ။ဦးဖေငြိမ်းလည်း ရှိတယ်လေ။သူလည်း ဒီအိမ်ဝင်ငွေကို ရှာပေးနေတာဘဲ။အမေ အရမ်းတွေစက်ချုပ်ပြီး ပိုက်ဆံရှာမနေပါနဲ့"

အမေက သက်ပြင်း ယဲ့ယဲ့လေးချရင်း ဒိုဒို့အား စိုက်ကြည့်လာသည်။ပြီးနောက် ဒိုဒို့ဆံပင်လေးတွေကို ကြောင်တစ်ကောင်အား ပွတ်သပ်ပေးသကဲ့သို့ ညင်သာစွာ ပွတ်သပ်ပေးလာ၏။

"အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ သားရယ်။မောင်တစ်ထမ်း မယ်တစ်ရွက်လေ။စကားပုံတောင် ရှိသေးတယ်မဟုတ်လား။ဦးဖေငြိမ်းကလည်း ဒီရက်ပိုင်း ကားပွဲစားတန်းမှာ အလုပ်သိပ်ဖြစ်တာမဟုတ်ဘူးကွဲ့။ကားဝယ်လိုအားက သိပ်မရှိကြဘူးလေကွယ်။မစားနိုင် မသောက်နိုင် ချွတ်ခြုံကျဘဝတော့ မဟုတ်ပေမယ့်လည်း အမေလည်း အိမ်ဝင်ငွေကို တစ်ဖက်တစ်လမ်းက ကူဦးမှဖြစ်မှာပေါ့"

အမေသည် ဒိုဒို့ကို စကားပြောနေရင်း မနေနိုင်လွန်းလို့ထင်သည်။ပွယောင်းနေသော ဆံစတွေကို ယားလွန်းသဖြင့် တဗျင်းဗျင်းကုတ်ပစ်၏။ထိုအခါ အမေ့လက်ထဲပါလာသော ဆံချည်မျှင်များဟာ လက်တစ်ဆုပ်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now