🌵၂၈🌵

126 10 0
                                    

အညာခရီးစဉ်-၁

တန်ခူးလရာသီဟာ အထီးကျန်ခြင်းတွေဖြင့် တမြေ့မြေ့ကုန်ဆုံးလာခဲ့၏။

ရွက်ဟောင်းတွေ ကြွေကျသွားသလိုမျိုး နှလုံးသားထဲမှာ အစိုင်အခဲဖြစ်နေသည့် အလွမ်းတွေလည်း ကြွေကျသွားလျှင် သိပ်ကောင်းပါမည်။ သို့မဟုတ် နွေနေပူပူကြောင့် အငွေ့ပျံသွားတာမျိုးဖြစ်ဖြစ် ဖြစ်သွားမည်ဆိုလျှင်လည်း လက်ခံပါမည်။

သို့သော် ထိုအလွမ်းထုသည်ကား တစ်ရက်ပြီးတစ်ရက် ပိုမိုသိပ်သည်းလာတာမို့ မည်သို့မည်နှယ် ဖြေလျော့ရမည်ဆိုတာကို တွေးဖို့ရာတောင် မစွမ်းသာတော့ပါလေ။

"မေ့သား...၊ ဖုန်းကိုပဲ တကြည့်ကြည့်လုပ်နေပြန်ပြီ"

နေ့လည်စာထမင်းဝိုင်းမှာ ဖုန်းကိုပဲ တစ်ချိန်လုံးကြည့်နေသည့် မိုးရိပ်ညိုကို ဒေါ်မြသွဲ့ဝေရီ အတန်ငယ်သတိပေးရတော့သည်။

ကျောင်းပိတ်ရက်တွေဆိုရင် အဲ့သလိုပဲ။

အား,အားနေ ဖုန်းကိုပဲကြည့်နေတော့တာ၊ ဒါတောင် သည်တစ်ခေါက်က တော်သေးတယ်ပြောရမယ်၊ အသဲလေးရှိနေလို့...။

"ဟုတ်..."

"သား ပျင်းရင် Grandsတွေဆီ သွားလည်ပါလား"

"ဟင့်အင်း၊ မသွားချင်ပါဘူး၊ အဲ့ဒီမှာ မပျော်ဘူး"

"ဆွစ်ဇ် ဘက်ကိုရော...၊ သား တစ်ခေါက်ပဲရောက်ဖူးသေးတာမလား၊ အဲ့ဒီက သားဦးလေးငယ်က သားကိုချစ်တာပဲကို၊ ပြီးတော့ ဒန်နီယယ်ကလည်း သားကို လာလည်ဖို့ခေါ်နေတာပဲ၊ နွေရာသီဆို ဆွစ်ဇ်က အရမ်းလှတာနော်..."

ဦးအဲရစ်မှာတော့ သားဖြစ်သူကို စိတ်လေနေခြင်းများပြေပျောက်အောင် ပြည်ပကိုခရီးထွက်ဖို့ အကြံပေးနေသော်လည်း သားဖြစ်သူကတော့ တုပ်တုပ်ပင်မလှုပ်ပါလေ။

"မသွားချင်ပါဘူးဖေဖေရယ်၊ ပြီးရင် သူတို့က သူတို့အလုပ်နဲ့သူတို့ ရှုပ်နေကြတာ၊ Yearendsတွေမှမဟုတ်ရင် သိပ်မှမအားကြဘဲ"

မိုးရိပ်ညိုသည် ထမင်းစားခြင်းကို လက်စသတ်လိုက်ပြီးနောက် မိဘတွေ၏ပန်းကန်ကိုပါ ဆေးကြောပေးလိုက်၏။ ထို့နောက် အသဲလေး‌ကိုကောက်ပွေ့၍ ရင်ခွင်ထဲ၌ ထွေးပိုက်ထားလိုက်ပြီး အိမ်ပေါ်သို့ တက်သွားလေတော့သည်။

OASIS [COMPLETE]Where stories live. Discover now