🌵၃၃🌵

136 10 1
                                    

သူနဲ့အဲ့သည်လူဟာ.....

ရန်ကုန်မိုးရာသီဟာ မပြောင်းမလဲတည်ရှိနေဆဲ....။

ကန္တာဦးသည်လည်း မပြောင်းမလဲမပါလေ။

အိမ်နှင့်အတိုက်အခံလုပ်၍ ကျောင်းတက်နေရသူမို့ ကြပ်တည်းနေတာကတော့ အမှန်ပါပဲ။

သို့သော် စာသင်ဝိုင်းတွေမှာ လိုက်သင်နေရတာမို့ အဆင်တော့ ပြေပါလေသည်။

ယခုအခါ ကန္တာဦးနေထိုင်သည့်နေရာလေးဟာ အတော်လေးကိုမှ မိုးမလုံတော့သလို၊ မိုးရွာလွန်းရင်လည်း အိမ်ထဲသို့ ရေတွေ ဒလဟောဝင်လာတတ်သည်။ ထို့အတွက် ကန္တာဦးမှာ တစ်ရက်တစ်လေမှာ အိပ်ပင်မအိပ်ရ၊ ငုတ်တုတ်ထိုင်နေရသည်က ပိုများသည်။

မိုးရိပ်ညိုကတော့ ထိုအခန်းမှာ မနေစေလိုတော့ပါလေ။ နီးစပ်ရာ အဆောင်တစ်ခုခုမှာ ငှားနေစေချင်သည်။ မဟုတ်လျှင်လည်း အဆောင်လခက အတူတူနီးပါးသွားကျနေတာပဲကိုး....။ သို့သော် သူ့ဆန္ဒထက် ကန္တာဦး၏ဆန္ဒကို ရှေ့တန်းတင်တတ်သူမို့ အကြံပေးရုံမှအပ အတင်းအကြပ် ဖိအားပေး၍ မပြောဆိုဖြစ်ပါလေ။

သည်အတောအတွင်းမှာတော့ မိုးရိပ်ညိုဟာ အနေအထိုင်ဆင်ခြင်ဖြစ်ပါသည်။ ကန္တာဦးကို လက်လွတ်စပယ်ဖြင့် လက်ကိုင်လိုက်တာမျိုး၊ နမ်းလိုက်တာမျိုးမရှိစေရ။ စကားပြောလျှင်လည်း အလွန်ကိုမှ တည်တည်တံ့တံ့ပြောပြီး တစ်ခါခါမှသာ ရယ်စရာတွေပြောပြီးနောက်တတ်သည်။ သို့သော် ကန္တာဦးက အာရုံခြောက်ပါးမှာ မငြိစွန်းသည့် အရိယာသူတော်စင်လို သူ့ဟာသတွေကို နည်းနည်းမှမရယ်တာမို့ နောက်ပိုင်းမှာ သိပ်တောင်မပြောဖြစ်တော့။

ကန္တာဦးကတော့ မိုးရိပ်ညိုရဲ့အိမ်ကို ခဏခဏရောက်နေတော့၏။ ယခုအခါ အသဲလေးတစ်ကောင်က အင်မတန်ကိုမှ ဝတုတ်တစ်တိုနေတော့တာမို့ မနည်းပွေ့ချီရသလို ကန္တာဦးကိုလည်း ခဏခဏနမ်းတတ်လာပြီ။ ထို့အတွက် မိုးရိပ်ညိုမှာ အင်မတန်ကိုမှ မနာလိုဖြစ်နေရတော့သည်။

မနာလိုဖြစ်၍ပြောလျှင်လည်း ကြောင်ပါးဝနေသည့်အကျင့်ပုပ်ကောင်ဟာ မိုးရိပ်ညို၏မျက်နှာကိုပါ တက်ကုတ်ပစ်တတ်သေးသည်။ ထိုအခါမျိုးဆိုလျှင် ကန္တာဦးမှာ အသဲလေးကို ထိုင်ခိုင်ထားပြီး ဆုံးမစကားတွေကို တတွတ်တွတ်ပြောရသေးသည်။ ဆုံးမပြီးလျှင်တော့ အသဲလေးက မိုးရိပ်ညိုကို ချော့သည့်အနေဖြင့် တစ်ချက်နှစ်ချက် နမ်းတတ်သေးပြန်သည်။ မိုးရိပ်ညိုကတော့ 'မင်း ခုမှ လာမချော့နဲ့! သွား!'ဟုပြောကာ တွန်းထုတ်တတ်ပြီး ကန္တာဦး၏ပခုံးပေါ်ကို မှီပြလျှင် အသဲလေးတစ်ကောင် အမွှေးတွေထောင်သည်အထိ မာန်ဖီပြီး တဖတ်ဖတ်နှင့် ကုတ်တော့သည်။ ထို့အတွက် အသဲလေးနှင့်မိုးရိပ်ညိုဟာ ရင်ကြားစေ့၍မရသည့် အမေရိကန်နှင့်ရုရှားလိုမျိုး ခဏတိုင်း ရန်ဖြစ်ရပါတော့သည်။

OASIS [COMPLETE]Where stories live. Discover now