" ဘာလုပ်နေတာလဲ ဗန့်ထ်? "
ခြေသံဖွဖွလေးဖြင့် ပန်းပုခန်းထဲ ဝင်လာကာ အနားကို လျှောက်လာသော ဂျင်က မေးသည်။ လွှသေးသေးလေးကို ကိုင်ထားသော ဗန့်ထ်မှာတော့ ရုပ်လုံးသေချာမပေါ်သေးသည့် သစ်သားတုံးကို ပစ်ကာ ဂျင်အား ထိုင်လျက်နှင့်ပင် ပွေ့ဖက်လိုက်သည်...
" ကြွေရုပ်ငယ်ရဲ့ အလှတရားကို အနုပညာနဲ့ ပေါင်းစပ်နေတာ "
သူ့စကားကြောင့် ဂျင်မှာ ဟသွားသော ပါးစပ်လေးကို လက်သွယ်သွယ် နှစ်ဖက်နှင့် ပိတ်လိုက်ပြီး အရောင်တောက်နေတတ်သော မျက်ဝန်းတွေက ခပ်ကျယ်ကျယ်လေး ဖြစ်လာကြသည်။ နောက်မှ တအံ့တသြနှင့်...
" ကျွန်တော့်ပုံတူလား ဗန့်ထ်? "
ကြည်နူးခြင်းတွေနှင့် ပြုံးယောင်သန်းသွားသော ကြွေရုပ်ငယ်လေးအား ဗန့်ထ်မှာ မော့ကြည့်ရင်းဖြင့်သာ ခေါင်းငြိမ့်ပြသည်။ သူ့နားနှင့် နီးနေသော ကြွေရုပ်ငယ်၏ ရင်ဘတ်မှ ခပ်မြန်မြန် နှလုံးခုန်သံကိုလည်း သဲ့သဲ့လေး ကြားရပါသေးသည်...
" ဆက်လုပ်ပါ ဗန့်ထ်! ကျွန်တော် ကြည့်ချင်သေးတယ် "
စူးစမ်းလိုစိတ်အပြည့်နှင့် တောင်းဆိုလာသော ကြွေရုပ်ငယ်၏ စကားများကို ပန်းပုဆရာလေးမှ တောင့်မခံနိုင်၊ ဖက်ထားသော လက်များကို လွှတ်ချကာဖြင့် သူ တတ်ကျွမ်းသော ပညာအား ကြွေရုပ်ငယ်အား ပြသရန်ပြင်သည်...
လှပလွန်းသော လက်ချောင်းတွေ၏ လှုပ်ရှားမှုသည် ကိုင်ထားသည့် လွှဓားလေးနှင့် ကွဲပြားစွာ၊ ဖြည်းဖြည်းချင်း ပုံစံပေါ်လာသော သစ်သားတုံးလေးသည် စတွေ့တုန်းကနှင့် လုံးဝ မအက်စပ်။ စိတ်ပါလက်ပါ လုပ်နေရင်းမှ သတိလက်လွှတ် ဖြစ်သွားသည့် တစ်ချက်တွင်...
" အ့! "
" ဗန့်ထ်! "
လက်ညိုးတွင် ရှသွားခြင်းနှင့်အတူ နီရဲကာထွက်လာသော သွေးစက်တို့ကြောင့် ပန်းပုခန်းလေးတွင် ဂျင်၏ စိုးရိမ်သံတွေ စွက်နေသော အသံမှာ ပဲ့တင်သံထပ်သွားကာ လူကတော့ လက်ကိုကိုင်မိလျက်သား၊ ဗန့်ထ်မှာ အသာအယာပြုံးလိုက်ရင်း...
" အဲ့လောက်ထိ စိုးရိမ်စရာ မလိုပါဘူး ဂျင်... ဒါမျိုးက ပန်းပုဆရာတွေအတွက် ဖြစ်နေကျ ဒဏ်ရာသေးသေးလေး အပြင် မပိုပါဘူး "