ပြတင်းပေါက်မှန်ကို ဖြတ်ကာ အခန်းထဲထိ ဖြာကျနေသော လမင်းကြီး၏ ငွေရောင်အလင်းတန်းတွေသည် ကုတင်ပေါ် ရှိနေသော ကောင်လေးအား ထိခိုက်သွားမှာ စိုးသည့်အလား အနူးတညံ့ဖြင့် လွှမ်းခြုံထားလေသည်။
ထိုမြင်ကွင်းကို ပြုံးပြုံးလေး စိုက်ကြည့်နေသော လူကတော့ လက်ထဲတွင် အနီရောင် ခပ်ရဲရဲ ဝိုင်တစ်ခွက်နှင့်၊ ပြုံးနေသည်ဆိုသော်ငြား ပျော်ရွှင်နေခြင်းတော့ မဟုတ်၊ ခပ်ချောချောမျက်နှာနှင့် မလိုက်ဖက်စွာ အပြုံးတွေက အေးစက်စက်...
" ငါ့ကို ချစ်ခဲ့တယ်မလား မောင်? "
ချစ်ခဲ့သည် ဆိုသည့် စကားကိုပြောမိတော့ အသံထွက်အောင် ရီမိတာများ ရင်ထဲမှာ ခါးသက်သက်၊ အခုချိန်မှာ သူ့စိတ်တွေက လက်ထဲက အနီရောင် ဝိုင်တွေလိုဘဲ အရိုင်းဆန်နေ၏။ နူးညံ့အောင် လုပ်ပေးမယ့် မောင်ကလည်း မရှိတော့...
သူက လှောင်အိမ်ထဲ တစ်သက်လုံး ချိတ်ပိတ်ထားလိုက်ပြီမို့ မောင့်မျက်နှာ ချောချောလေးသာ ကျန်သည်...
-----------------------------------
" မောင် ဒီမှာ Coat! "
အပြင်ထွက်တော့မယ့်ဆဲဆဲ မောင့်အား အညိုရောင် Coat လေး ပေးကာဖြင့် ဆော့ဂျင် မျက်နှာက ပါပီလေးလို ခပ်ပြုံးပြုံး၊ သူ့ခေါ်သံကြောင့် တံခါးဝကနေ ပြန်လှည့်လာသော မောင်က သူ့ဆံပင်အုပ်အုပ်ကို ဖွကာဖြင့် နဖူးထက်သို့ အနမ်းခြွေသည်...
" မောင် စောစောပြန်လာမယ်... နွေးနွေးထွေးထွေးနေနော် အချစ် "
သူပေးတဲ့ အင်္ကျီကို ယူကာ သဘောကျရတဲ့ ပါးချိုင့်တွေ ပေါ်လာအောင် ပြုံးပြီး မှာတမ်းခြွေနေတဲ့ မောင့်ကို ဆော့ဂျင်မှာ ပုတ်သင်ညိုလေးလို ခေါင်းငြိမ့်ပြပြီး ပိုသာ၍ပင် ပြုံးပြလိုက်သေးသည်။ မောင်က သူ့အပြုံးတွေဆို သိပ်သဘောကျတာတဲ့...
အပြာရောင် ကားလေးနှင့် ထွက်သွားသော မောင့်ကို မြင်ကွင်းထဲက ပျောက်သည်အထိ မျက်စိတဆုံး လိုက်ကြည့်ပြီးမှ ဆော့ဂျင် အထဲ ပြန်ဝင်လာမိသည်။ ဆောင်းရာသီက စက်တင်ဘာလထဲတောင် အအေးဓာတ် ပိုနေပြီ...
" မောင့်အဝတ်တွေ နေရာပြောင်းပေးရဦးမယ် "
အတွေးနဲ့အတူ ဆော့ဂျင် ခြေလှမ်းတွေက ကြီးမားထည်ဝါနေသော အိမ်ကြီး၏ အပေါ်ထပ်သို့ ဦးတည်သည်။ မောင်ကသာ ဝါသနာအရ ဆရာဝန်လုပ်နေသော်လည်း သူကတော့ မိဘတွေ ထားခဲ့သည့်အမွေနှင့် တစ်သက်စားတောင် မကုန်...
