(Namjin)
မှိန်ပြပြ မီးရောင်သာ ထွန်းထားသော အိမ်ကြီးတစ်ခု၏ ဧည့်ခန်းတွင် နမ်ဂျွန်းမှာ ညနက်သန်းခေါင်ကြီး စာအုပ်လေး တစ်အုပ်နှင့် ထိုင်နေသည်။ သို့သော် စိတ်တွေကတော့ စာအုပ်ဆီမှာ မဟုတ်၊ စာကြည့်မျက်မှန်ကို ပင့်ပင့်တင်ကာ အိမ်ပေါက်ဝဆီသို့သာ ခဏခဏ အကြည့်ရောက်နေမိသည်။
" မပြန်လာသေးဘူးလား ဟန်နီရာ "
သက်ပြင်းမောနှင့်အတူ ခပ်တိုးတိုး ရေရွတ်လိုက်သော စကားစုသည်က ပေါ့ပါးသယောင် ထင်ရသော်ငြား ရင်ထဲတွင်တော့ စိုးရိမ်ပူပန်ခြင်း အပြည့်နှင့်... နမ်ဂျွန်းမှာ တံခါးပေါက်ဆီမှ အကြည့်လွှဲလိုက်ပြီး စိတ်ဝင်စားခြင်းတွေ ပျောက်ဆုံးစွာနှင့် စာအုပ်ဆီသို့သာ ပြန်၍ အကြည့်ပို့မိသည်။
^ တီ...တီ... ^
ထိုအချိန်တွင်ပင် အိမ်ရှေ့မှ လာသော ကားဟွန်းတီးသံ၊ ကျယ်လောင်လှသည့် ဆူညံသံက ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်စွာ... ထိုတစ်ချက်နှင့်တင် နမ်ဂျွန်းမှာ ထိုသူဟာ သူစောင့်နေသည့်လူမှန်း သိလိုက်ပြီး မမောနိုင် မပန်းနိုင် သက်ပြင်းထပ်ချရသည်။ ဒီတစ်ခါတော့ တကယ်ကို စိတ်ပျက်စွာနှင့်...
" အို! ဟိုင်း ဒါလင်... "
ဘယ်လောက်မှ မကြာ၊ နီရဲရဲ ဆံပင်တွေကို သပ်တင်ကာ အိမ်ထဲဝင်လာသော ယောကျာ်းလေးက နမ်ဂျွန်း စောင့်နေသည့် အမျိုးသား... ဘော်ကြယ်တွေ အမြောက်အမြား တပ်ဆင်ထားသည့် ခပ်လက်လက် အင်္ကျီက အမှောင်ထဲမှာတောင် ပြိုးပြိုးပြက်ပြက်နှင့် မျက်စိ ရှုပ်စရာ...
" ဘယ်သွားနေတာလဲ? "
ခပ်ပြတ်ပြတ် မေးသော နမ်ဂျွန်း၏ စကားတွင် ထိုကောင်လေးမှာ သူ့ကိုတောင် မကြည့်စွာနှင့် ဝတ်ထားသည့် ဘွတ်ဖိနပ်အား တောင်တစ်ဖက် မြောက်တစ်ဖက် ချွတ်ပစ်လိုက်ရင်း...
" သူငယ်ချင်းတွေ အတင်းခေါ်လို့ ကလပ် ခဏသွားတာလေ... ဒါနဲ့ ဒါလင် သိလား? ကလပ်မှာလေ ပျော်စရာကောင်း- "
" တော်စမ်း ဆော့ဂျင်! မင်းပြောတဲ့ ခဏ ဆိုတာကို တစ်ချက်ကြည့်လိုက်စမ်း! နာရီလက်တံက 12 ကျော်နေပြီ! ဒါ အိမ်ပြန်ရမယ့် အချိန်လား!? "
