(Uni)
မိုးဦးရာသီ၏ ညချမ်းလေးသည် ပူစပ်စပ်နဲ့ဖြစ်နေခြင်းမှာ မိုးရွာချင်၍ဖြစ်မည်ဟုထင်သည်။ တိတ်ဆိတ်နေသောပတ်၀န်းချင်မှာလည်း ဖားအော်သံများကိုသာဆူညံစွာ ကြားနေရသည်။အချိန်အားဖြင့် ည၉နာရီနီးပါးခန့်တော့ ရှိလောက်မည်။
အိပ်ရာထဲတွင် ဟန်ချီတစ်ယောက် လူးလှိမ့်နေကာ အိပ်မပျော်နိုင်ပဲရှိနေသည်။ ရာသီဥတုပူ၍လည်းမဟုတ်သလို ဖားအော်သံကြောင့်လည်းမဟုတ်ပါ။ ညနေခင်းမှ အဖြစ်ပျက်အား ပြန်တွေးရင်းအိပ်မရခြင်းသာ။ အတွေးဖျက်ပြီး အိပ်မည်ကြံသော်လည်း ထိုအဖြစ်များကသာ ခေါင်းထဲတွင် ထပ်တလဲလဲပေါ်လာပြန်ရာ မည်သို့မှအိပ်မရတော့ချေ။ သို့နှင့် လှဲအိပ်နေရာမှဆတ်ကနဲ ထထိုင်လိုက်ပါတော့သည်။
သို့သည့်တိုင် ထိုအဖြစ်ပျက်သာ ထပ်တလဲလဲမြင်နေရသည်မှာ ရုပ်ရှင်ထဲမှ ဇာတ်၀င်ခန်းတစ်ခန်းအား ပြန်ပြန်ကြည့်နေရသည့်အတိုင်းပင်။
"ကျစ်..."
ယခုထိခေါင်းထဲမှမထွက်သော ထိုအဖြစ်ပျက်အား ထွက်သွားလို့ ထွက်သွားငြား ခေါင်းကိုပုတ်ကာ စုတ်သပ်မိပြန်ပါသည်။ အလိုက်ကန်းဆိုးမသိသော နှလုံးသည်လည်း တဒုတ်ဒုတ်မြည်နေလေရာ အပြင်သို့ပေါက်ထွက်မည်စိုးရသည်ကြောင့် ရင်ဘက်ကိုပင်လက်နဲ့ဖိထားရသေးသည်။
ခေါင်းကိုလက်တစ်ဖက်နဲ့ ဖိထားပြီး ရင်ဘက်ပေါ် သို့ကျန်လက်တစ်ဖက်အား တင်ထားသော ဟန်ချီပုံစံမှာ တခြားသူများသာမြင်သွားရင် ရီစရာပုံစံပင်ဖြစ်နေတော့မည်။
"တကယ်ကို...ဘာဖြစ်နေမှန်းမသိတော့ဘူးကွာ"
စိတ်ညစ်စွာညီးညူရင်း ပြန်လှဲအိပ်မည်အပြု....ကြားလိုက်ရသည့်အသံမှာ...
"ဂစ်တာသံလား? "
တစ်ယောက်တည်းရေရွတ်ရင်း မသိမသာ ပြတင်းပေါက်ဘက်သို့နားစွင့်မိပါသည်။ သေချာပါသည် သူနားကြားမှားတာမဟုတ်ပေ ..ဂစ်တာသံမှဂစ်တာသံပင်။
ဟန်ချီအခန်းက အပေါ်ထက်တွင်ဖြစ်ကာ အိမ်ရှေ့ဘက်သို့ ဖောက်ထားသော ပြတင်းပေါက်တစ်ခုရှိသည်။ ညအိပ်ရင် ပူသည်ကြောင့် ဖွင့်အိပ်တတ်သဖြင့် ထိုဂစ်တာသံအား ကြားရခြင်းပင်။ ဖားအော်သံတွေကြားမှ တိုးညင်းစွာထွက်ပေါ်နေသော ထိုဂစ်တာသံမှာ ကြိုးညှိနေသလို အသံမျိုးပင်။
ESTÁS LEYENDO
"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)
Historia Corta"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်နှာရူးကတော့လား...." //လှမျက်ဟန်ချီ (ကျေးလက်ဟာသလေးပါနော်။ ပေါ့ပေါ့ပါးပါးလေးပါပဲ။ကျွန်တော့်ရဲ့ပထမဆုံး...