အိပ်မက်တွေထဲမှာ လူတစ်ယောက်ကို ခဏခဏတွေ့ရရင် အပြင်မှာတွေ့ရတတ်တယ်လို့ လူအချို့ ပြောစမှတ်ပြုကြတယ်။ ဒါပေမယ့် ရက်ရက်စက်စက်ခွဲခွာသွားတဲ့ ချစ်သောနဲ့တော့ ပြန်ဆုံစည်းခွင့် ရှိနိုင်ပါ့မလား...။
ငါ့ဘဝအချိန်တွေတိုင်းကို အိပ်ပစ်လိုက်ချင်တယ် နွေး။ ဘာလို့ဆို မင်းက ငါ့ရဲ့အိပ်မက်တိုင်းကို စိုးမိုးထားလို့ပဲ။ အပြင်မှာမတွေ့ရရင်တောင် အိပ်မက်ထဲမှာ မင်းရှိနေတယ်ဆိုတဲ့အသိနဲ့ ငါ့မှာရူးသွပ်ခွင့်ရှိတယ်လေ...။
* * * * *
နည်းပညာကျောင်းတစ်ခုတွင်...
"ဒီနားမှာထိုင်မယ်နော်"
ပြန်ဖြေသံကိုတောင်မစောင့်ဘဲ သူ့ရှေ့ဝင်ထိုင်လိုက်သူကြောင့် ကောင်းကင်ယံ ထိုင်ခုံမှထထွက်သွားလိုက်သည်။ ကျန်ခဲ့တဲ့သူ ဘယ်လိုဘယ်ပုံဖြစ်နေမည်ကိုလည်း သူစိတ်မဝင်စား။ သူ့အတွက် အရေးကြီးတာတစ်ခုက ဘယ်သူနဲ့မှစကားမပြောဘဲ တစ်ယောက်တည်းနေချင်သည့် သူ့စိတ်ပင်။
ဒါပေမယ့်လည်း လူသားလေးတစ်ယောက်က သူ့ကိုပြောင်းလဲသွားစေလိမ့်မယ်ဆိုတာကိုတော့ ကောင်းကင်ယံတစ်ယောက် မသိခဲ့ပါချေ။
"ဒီမှာထိုင်မယ်နော်"
ရောက်လာပြန်ပါပြီ နောက်တစ်နေ့။ အရင်နေ့ကလိုပဲ ကောင်းကင်ယံ ရှောင်ထွက်သွားလိုက်သည်။ 'နှစ်ထပ်ရှိမှ မှတ်မိတာ'ဆိုတဲ့ စကားလည်းရှိတယ်မလား။ နှစ်ကြိမ်လောက် မနှစ်မြို့ကြောင်းပြပြီးရင်တော့ နားလည်တန်ကောင်းပါရဲ့။
သို့သော်လည်း ပေကပ်ကပ်နိုင်သည်ပဲလား။ တစ်ရက်မပျက် သူ့ဆီရောက်ရောက်လာတတ်သည်။ နှစ်ရက်ကနေ သုံးရက် ၊ သုံးရက်ကနေ ယနေ့နဲ့ဆို တစ်ပတ်ရှိလေပြီ။
နေ့တိုင်း ကျောင်းရဲ့စာကြည့်တိုက်မှာ တစ်ယောက်တည်း စာလေ့လာလေ့ရှိသည့် သူ့ထံ ဘယ်သူကမှ ချဉ်းကပ်မလာပေ။ လာလျှင်လည်း ရှောင်ထွက်သွားတတ်သည့်သူ့ကို ဘယ်သူကမှ စိတ်ရှည်စွာနဲ့ အပေါင်းအသင်းမလုပ်ချင်ကြ။ ကောင်းကင်ယံဆိုသည့်သူဟာ တစ်ယောက်တည်းနေတတ်ပြီး ဘယ်သူနဲ့မှအရောမဝင်တာကို အားလုံးသိပြီး ဒီတစ်ယောက်ပဲ မသိလေသလား။

VOUS LISEZ
လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာ
Roman d'amourပျော်ရွှင်မှုဆိုတာ ဘာလဲတဲ့... ငါတော့ လူသားလေးတစ်ယောက်ကို လက်ညိုးထိုးပြခဲ့တာပဲ...။ လွဲမှားခဲ့လေသော purple-lynn (4.7.20...