Ep 20 (part 1)

201 39 9
                                    

ရုံးခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီးမှ
ထိုင်ခုံအထိရောက်အောင်ပင် မသွားနိုင်။
တံခါးကိုမှီကာ ထိုင်ချလိုက်ပြီး ဘယ်ဘက်ရင်အုံကို
လက်နဲ့ ခပ်တင်းတင်းဖိထားလိုက်ရသည်။

မျက်လုံးစုံမှိတ်ချလိုက်တဲ့အခါ ပါးပြင်ပေါ်ကနေ
မျက်ရည်စီးကြောင်းတစ်ခု ဖြတ်စီးသွားကာ
ပူလောင်နေသော နှလုံးသားစီက အသက်ငင်သံ
တဒုတ်ဒုတ်ကိုသာ ကျယ်လောင်စွာ ကြားနေခဲ့ရသည်။

တရိပ်ရိပ် ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေကို
ဦးနှောက်ထဲ ဝင်ခွင့်ပြုလိုက်တော့
တောပန်းကလေးတွေခူးကာ ဘူးထဲထည့်သိမ်းရင်း
ပျော်ရွှင်နေခဲ့ဖူးသော ဘဝကို
ပြန်မြင်ယောင်လာသည်။

ဘဝဟာ ထိုအချိန်က အလွန်ကိုအေးချမ်းခဲ့တာ။
​အချစ်ဆိုတာကို စပြီး နားမလည်စဉ်ကရော၊
နားလည်ခါစ ဘာကိုမှ မသိခင်ကရော၊ ဘဝဟာ
အဘက်ဘက်က ပြီးပြည့်စုံနေခဲ့တာ။

မနက်ပိုင်း တန်းဖြုတ်ပြီးရင် ရုံးခန်းထဲရှိနေမယ့်
နေခြည်ငယ့်ကို သွားခိုးကြည့်ပြီး တစ်နေ့လုံးစာ
အားတင်းခဲ့သော ရက်တွေ။

ဘယ်ဘက်ရင်အုံမှာ ဖောင်တိန်နဲ့
နေခြည်ငယ့်နာမည်ကို ရေးကာ တစ်ညလုံး
ရင်ခုန်လွန်းလို့ အိပ်မရခဲ့တဲ့ ညတွေ။

ကင်းလှည့်ရင်း ကြုံကြိုက်သော နေရာတွေမှာ
အရောင်လှလှ တောပန်းကလေးတွေကို ခူးကာ
လက်ကိုင်ပဝါနဲ့ ထုပ်ရင်း ဖန်ပုလင်းလှလှထဲ
ထည့်သိမ်းကာ တစ်နေ့တော့ သူ့ကိုပေးရမယ်ဟု
ကြုံးဝါးခဲ့သော နေ့တွေ။

​လက်စွဲတော် သေနတ်ဒင်မှာ
နေခြည်ငယ့်နာမည်အတိုကို ထွင်းကာ
ညအိပ်ချိန်မှာတောင် ကျည်ထုတ်ပြီး
ခေါင်းရင်းမှာ ထားအိပ်ခဲ့သည်အထိ
ယောကျာ်းတစ်ယောက်အပေါ်မှာ စွဲငြိမိခဲ့သမျှ
မေတ္တာတရားကို အနူးညံ့ဆုံး ဖော်ပြခဲ့သည်။

လူကုံထံမိသားစုအလယ်မှာ မွေးစတည်းက
ယှဉ်ပြိုင်ခံခဲ့ရကာ စစ်တပ်ထဲရောက်သည်အထိ
ရာထူး၊ အမှတ်စဉ်တွေကအစ ယှဉ်ပြိုင်ကာ
အပြောအဆို ခံခဲ့ရတဲ့ စိတ်ဖိအားတွေရဲ့ကြား
နေခြည်ငယ့်ကို ချစ်မိခဲ့ရခြင်းက
အကြီးမားဆုံး စိတ်ထွက်ပေါက်ဖြစ်ခဲ့ရတာ ...။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now