ရင်ကွဲစရာ ကျိန်စာဆိုးတွေနဲ့ ဆက်နွှယ်ခဲ့သမျှ အရာအားလုံး ချုပ်ငြိမ်းသွားတဲ့အခါ ချစ်ခြင်းတရားတွေရဲ့ ဇာတ်ပေါင်းခန်းကို ရောက်ရှိလာပါတယ် ....။
နှစ်တစ်နှစ်ရဲ့ အလှပဆုံး နွေဦးနေ့စွဲလေးတစ်ခုမှာ နမ်ဂျွန်းနဲ့ ဂျီမင်းတို့ရဲ့ လက်ထပ်ပွဲလေးကနေ ဇာတ်ပေါင်းခန်းတွေ စတင်ခဲ့ပါတယ်။ နွေဦးကာလမှာ ပွင့်သမျှ နူးနူးညံ့ညံ့ပန်းပွင့်တိုင်းကို မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ ကြဲဖြန့်ထားခဲ့ပြီး ပဝါစဖြူဖြူတွေဟာလည်း အပြာရောင်ကောင်းကင်ကြီးနဲ့ ပနံသင့်စွာ လိုက်ဖက်နေခဲ့ပါသည်။
ထူးဆန်းလွန်းတဲ့ ဂျီမင်းဟာ ပန်းနုရောင်လေးကို မင်္ဂလာဝတ်စုံအဖြစ် ရွေးချယ်ခဲ့ပြီး နမ်ဂျွန်းကတော့ အနောက်တိုင်းဝတ်စုံအဖြူလေးနဲ့ သပ်ရပ်ခမ်းနားစွာပဲ အနီရောင်လျှောက်လမ်းရဲ့အဆုံးမှာ မျက်ရည်ဝေ့နေတဲ့မျက်ဝန်းတွေနဲ့ ရပ်နေခဲ့ပါသည်။
ဂျီမင်းဟာ သိပ်ကို လှနေခဲ့တာ ...၊
ပန်းနုရောင် အနောက်တိုင်းဝတ်စုံဟာ ပန်းဆီရောင်မဖြစ်ရုံတမယ် စိုအိနီထွေးနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ သွားတွဲမိတဲ့အခါ...၊
နို့နှစ်ရောင်အသားအရည်ရဲ့ ပါးဖောင်းဖောင်းလေးတွေက ရှက်ကိုးရှက်ကန်းပြုံးလာတဲ့အခါတွေမှာ တစ်လောကလုံးမှင်သက်သွားရတာပဲ ....။
ကော်ဇောနီလျှောက်လမ်းပေါ်က သတို့သားငယ်ဟာ ကင်မ်နမ်ဂျွန်းရဲ့ အသည်းအသက်ကလေး ...၊
တစ်လှမ်းချင်းလျှောက်လာတဲ့ခြေလှမ်းတိုင်းမှာ ဒီလူသားဟာ ကိုယ့်ရဲ့ တရားဝင်ပိုင်ဆိုင်မှုလေးဖြစ်ဖို့ နီးကပ်လာပြီ ဆိုတဲ့အသိ၊
လက်ချောင်းလေးတွေ၊ နှုတ်ခမ်းလုံးလုံးလေးနဲ့ မျက်ဝန်းလှလှလေးတွေဟာ
နောက်ထပ် မိနစ်ပိုင်းအတွင်းမှာ ကိုယ့်ဘဝထဲ စီးဝင်လာခဲ့တော့မှာ ...၊
လှိုက်တက်လာတဲ့ကြည်နူးဝမ်းသာမှုတွေကို မျက်ရည်တွေက သက်သေထူပါလိမ့်မယ် ...။
ဂျီမင်းဟာ သူ့အမေလို လူရွေးမမှားခဲ့ဘူး ဆိုတာကို လျှောက်လမ်းအဆုံးမှာ အူလှိုက်သည်းလှိုက်ငိုနေတဲ့ အမျိုးသားငယ်က အထင်ရှားဆုံး အဖြေပါပဲ ...။
ယောကျာ်းချင်းဆိုတဲ့ ကန့်ကွက်မှုတွေ ....၊
အတော်ကွာဟနေတဲ့ အသက်အပိုင်းအခြားတွေ ...၊
မိုးနဲ့မြေလို မိသားစုအဆင့်အတန်းတွေရဲ့ ဖိအားတွေ ...၊
အရာအားလုံးကို ကျောပေးပြီး ဂျီမင်းတို့က ကိုကို့လက်ကို
ရဲရဲကြီး တွဲချိတ်ပစ်ခဲ့တာ ...။
အမေ့လိုဖြစ်မှာ ကြောက်တဲ့စိတ်၊
အဖေ့လို လူနဲ့ တွေ့ရမှာကို စိုးရိမ်ခဲ့တဲ့စိတ်၊
ထိခိုက်သွားရင်၊ ထပ်ပြီး ပစ်ထားခဲ့ရင် ဆိုတဲ့ အကြောက်တရားတွေကို ကိုကို့ရဲ့ “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြည်ဖုံးကားချပြီး ကိုကို့ဘဝထဲကို ခြေစုံပစ်ပြီး ဝင်ပစ်လိုက်ပြီ ...။
နောင်ခါလာ နောင်ခါဈေး၊
လက်ရှိပစ္စုပ္ပန်ရဲ့ နေ့ရက်တွေမှာ ကိုကို့ကို အပြည့်အဝချစ်နေရဖို့ပဲ လိုတယ်။
နောက်တော့ နမ်ဂျွန်းတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာ မင်ဆူးတို့ကလည်း ဒိတ်ဒိတ်ကြဲမင်္ဂလာဆောင်ကြလိမ့်မယ်လို့ အားလုံးက ထင်ထားကြပေမယ့် ဘယ်သူမှမသိလိုက်ခင် လတ်မှတ်ကောက်ထိုးပြီး နှစ်ယောက်တည်း ညစာစားပွဲလုပ်ပြီးတော့ ဗြုန်းစားကြီး လက်ထပ်လိုက်ပါတယ်တဲ့လေ ...။
ပြီးတော့ နေခြည်ငယ်တို့ဆီကို အထုပ်အပိုးတွေနဲ့ ရောက်ချလာပြီး တစ်ခါတည်း နိုင်ငံခြားထွက်သွားပါတော့မယ်တွေ လုပ်ချလာပြန်ရော ...။
“ရုတ်တရက်ကြီး ဘယ်လိုဖြစ်ကြတာလဲ”
“ကျွန်တော်တို့လည်း ဟန်းနီးမွန်းသဘောသွားရင်းနဲ့ ပျော်သလောက်နေကြမလို့ပါ၊ အဲ့ဒါကြောင့် နေခြည်ငယ်တို့ကို မှာစရာရှိတာလေးတွေ လာပြောတာပါရယ်”
“ဘာများလဲဟင်”
“ဒီဆိုင်က ကျွန်တော့်ဟာပါ၊ နေခြည်ငယ့်ကို ငှားပေးခဲ့တာလည်း ကျွန်တော်ပဲ၊ ဆောက်ခဲ့တာရော၊ ဆိုင်ထဲက ရှားပါးတဲ့ ပန်းအများစုက ကျွန်တော်ပဲ လိုက်စုပေးထားခဲ့တာ ...”
“ဗျာ ......?”
“နေခြည်ငယ်တို့ ယူလိုက်ပါ ...၊ ကျွန်တော်လက်ဖွဲ့တာပါ ...
Ginkgo’s Smeraldo ဆိုတဲ့ ပန်းဆိုင်နာမည်ကိုလည်း မင်းတို့ပြောင်းချင်ရင် အခုပြောင်းလို့ရပါပြီ ...”
“အဲ့ဒီနာမည်က ဘာအဓိပ္ပါယ်လဲဟင် ? တကယ်သိချင်လို့ပါ”
နေခြည်ငယ်က အဲ့လိုအမေးရှိလာတော့ မင်ဆူးရဲ့အစား လီနာကပဲ အစားဝင်ဖြေလာတယ်။
“ဂင်ဂိုတွေက မပြောင်းလဲခြင်းကို ကိုယ်စားပြုတယ်လေ
Smeraldo ပန်းတွေရဲ့ အဓိပ္ပါယ်က ...”
“မပြောဖြစ်ခဲ့တဲ့ အမှန်တရား ...
ဂင်ဂိုရွက်တွေရဲ့ မပြောဖြစ်ခဲ့တဲ့ အမှန်တရား ပါ ...”
မင်ဆူးက အဲ့ဒီမေးခွန်းရဲ့အဖြေကို အနူးညံ့ဆုံး၊ အရီဝေဆုံး မျက်ဝန်းတွေနဲ့ နေခြည်ငယ့်ကို ကြည့်ရင်း ဖြေလာခဲ့ပါသည်။ သူလက်လွှတ်ပေးလိုက်တော့မယ့် အဖိုးတန်အရာလေးတစ်ခုကို တယုတယငေးကြည့်နေတဲ့ မျက်ဝန်းမျိုးတွေနဲ့ ငေးရုံနဲ့တောင် ပဲ့ကြွေသွားမှာ စိတ်ပူနေသလိုမျိုး နေခြည်ငယ့်ကို ငေးကြည့်နေခဲ့ပါသည်။
“ဘဝတစ်လျှောက်လုံး ခြွင်းချက်မရှိ ပျော်ရွှင်သွားပေးပါ နေခြည်ငယ်၊
ကျွန်တော်လိုချင်တာက ဒါလေးပါပဲ ...”
“ကျေးဇူးတင်ပါတယ် ....
ချစ်ခဲ့ပေးသမျှ မေတ္တာတွေတိုင်းအတွက် သိပ်ကျေးဇူးတင်ပါတယ်”
ကော်ဖီခွက်လေးထဲကို ချယ်ရီပွင့်ဖတ်လေး
ကြွေကျလာတာကိုမြင်တော့ ထယ်ယောင်းပြုံးလိုက်မိသည်။
နွေဦးတောင် ထပ်ရောက်လာပြီပဲ။
ဟိုဟိုဒီဒီငေးကြည့်လိုက်တော့ မင်ဆူးနဲ့လီနာတို့ရဲ့
ကောင်းမှုနဲ့ ပန်းဆိုင်နားတစ်ဝိုက်မှာ ရှင်သန်နေကြတဲ့ ချယ်ရီပင်တွေမှာ အပွင့်တွေ အပြည့်နဲ့
လှပသိမ်မွေ့နေတာကို မြင်လိုက်ရတယ်။
၈ နှစ်တောင် ကြာခဲ့ပြီ ....။
နမ်ဂျွန်းတို့က ကမ္ဘာပတ်ပြီး ချစ်လို့ ပျော်လို့ကောင်းစွာနဲ့ လက်ထပ်ပြီးတည်းက တွေ့ကြရတာ ခပ်ရှားရှားရယ်။
လီနာနဲ့ မင်ဆူးတို့ကတော့ ဟန်းနီးမွန်းမှာ ပျော်သလောက်နေမယ်ဆိုတာက ၇နှစ်လောက်ကြာသွားပြီး ကလေးတစ်ယောက်ရပြီးမှ ပြန်ရောက်လာခဲ့ကြပါသည်။
ရောက်လာတော့လည်း ကလေးကို မြင်မြင်ချင်း ဆော့ကီရော ကိုယ်ကပါ မခွဲနိုင် မခွာရက်တွေဖြစ်ပြီး သုံးရက်လောက် အိမ်ပေါ်ခေါ်တင်ထားလိုက်ပါသေးသည်။ အဲ့လိုကနေ ခင်သွားတဲ့ ကလေးဟာလည်း နည်းနည်းလောက်များ အဆူခံရပြီဆို ချက်ချင်းပဲ ကိုယ်တွေရဲ့ ပန်းဆိုင်ကို သူ့အိမ်က ကြုံရာ ဒရိုင်ဘာနဲ့ ရောက်လာတော့တာပါပဲ ...။
“ဟင် ! ဆော့ဂျင်လေး !!
ဘာဖြစ်လို့လဲ ဘယ်နားကနာလို့လဲ
ငါ့ရတနာလေးကို ဘယ်သူဘာလုပ်လိုက်တာလဲ ပြော !”
“မေမေ ဆူတယ် “
“ဟင် လီနာကလား ?
အဲ့ဒီမိန်းမက ငါ့ပန်းသီးလေးကို ဆူတယ်ပေါ့ !
လာ ဦးဦးဆူမယ် လာ ဦးဦးနဲ့လိုက်ခဲ့”
“လီနာ !!”
“ဘာလဲ “
“ပန်းသီးလေးကို ဆူလိုက်တယ်ဆို
ဘာလို့ ဆူရတာလဲ “
“အမလေး ကင်မ်ထယ်ယောင်းရယ်
ဆော့ဂျင်က ငါ့သားပါဟဲ့ ...
အချိုတွေ အရမ်းစားနေလို့ မစားနဲ့တော့ လို့ ပြောလိုက်တာ
နင်အရမ်းအလိုမလိုက်နဲ့ ... ငါတို့ ထိန်းမနိုင်ဘူး “
“ထိန်းမနိုင်ရင် ငါခေါ်ထားမယ်
နင်ရာရာစစ ငါ့ရတနာလေးကို စိတ်ညစ်အောင်
လုပ်စရာမလိုဘူး !”
“ပန်းသီးလေးက အချိုစားချင်တာလား “
“ဟုတ်ကဲ့ “
“လာ ဦးငယ်က စတော်ဘယ်ရီကိတ်လေး လုပ်ပေးမယ်
ပြီးရင် ဒိန်ချဉ်ကို ပျားရည်လေးနဲ့ဖျော်ပြီး သစ်စေ့လေးတွေ
ထည့်ကျွေးမယ်နော် ပန်းသီးလေး “
“ဦးဦးငယ်ငယ် အကောင်းဆုံး !!”
ကြည့်ပါလား .... သိပ်လည်တဲ့ အချွဲတုံးလေး ....။
မရင့်ကျက်တဲ့ နှလုံးသားနဲ့ စတင်ခဲ့မိတဲ့ ကျိန်စာဆိုးတွေဟာ ခွင့်လွှတ်တတ်တဲ့ နှလုံးသားတွေနဲ့ ပြုပြင်မွမ်းမံခံလိုက်ရတဲ့အခါမှာ ခေါင်းမာလွန်းတဲ့ ဂင်ဂိုရွက်ကလေးကိုယ်တိုင် ချေဖျက်ပစ်ခြင်းကို ခံလိုက်ရတာပါပဲ ...။
ဒီဇာတ်လမ်းက ပွင့်ချပ်တွေဟာ အချိန်မရွေး အထိအရှတွေနဲ့ ကြွေကျသွားနိုင်မယ့် ဖြစ်တည်မှု၊ ဆက်နွှယ်ခဲ့တဲ့ ရေစက်ကြိုးတွေချည်းပါပဲ ...။
ဒါပေမဲ့လည်း ကံကြမ္မာကို ဟိုးအစောကြီးတည်းက အာခံခဲ့ကြတဲ့နှလုံးသားတွေပဲမို့ တကယ်ပြောင်းလဲကြပါပြီဆိုတော့လည်း ချိန်ကိုက်ဗုံးလို ဇာတ်အိမ်မျိုးကို ပြောင်းပြန်လှန်ချပစ်ခဲ့တဲ့အထိ အရာအားလုံးက သူတို့လက်ထဲမှာ အဆင်ပြေပြေနဲ့ အချစ်တွေ ထပ်တူကျခဲ့တဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးက နေသားတကျ ...။
ကျိန်စာတွေ ပြေတဲ့အခါ မေတ္တာဆုတောင်းတွေနဲ့ ဆက်ချည်ကြမယ့် သံယောဇဉ်တွေဟာ ဘယ်သောအခါမှ ဆုံးခန်းတိုင်တော့မယ်မထင်ပါ ....။
“အရာအားလုံးက ဒီလိုပဲ ပြီးသွားတာပဲနော် ငယ်”
“ကျန်တဲ့နှစ်တွဲလုံး ဟိုထွက်သွား၊ ဒီထွက်သွား လုပ်ပြီးကြပြီ၊
ကျွန်တော်တို့ရော နှစ်ယောက်တည်း တစ်နေရာရာ ထွက်သွားကြမလား “
“အင်း ... ငယ်သာပါရင် ကမ္ဘာတဆုံးပဲ ...”
မေတ္တာတွေနဲ့ ဆောက်ခဲ့တဲ့ ဆိုင် ...၊
ချစ်ခြင်းတရားတွေနဲ့ စခဲ့တဲ့ ဇာတ်လမ်း ...၊
နယ်နိမိတ်စည်းတွေရဲ့အလွန်က ဆုတောင်းတွေ ထပ်တူကျတဲ့အခါ၊ သံသရာတစ်လျှောက်လုံးစာ ရွေးချယ်မှုတွေက တစ်ဦးတစ်ယောက်တည်းကိုပဲ ဦးတည်လာခဲ့တဲ့အခါ ၂၁ရာစုရဲ့ မပြောင်းလဲခြင်းတွေကြားမှာလည်း ဆော့ကီဟာ “ငယ်သာပါရင် ကမ္ဘာတစ်ဆုံးပါပဲ” တဲ့လေ ...။
ပြီးပါပြီ ။ ။
____________________________________
YOU ARE READING
နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)
Fanfiction"ကိုယ်နမ်းလို့ရမလား Seokie မင်းရဲ့ ခင်ပွန်းအနေနဲ့ တောင်းတဲ့ ပထမဆုံးအနမ်းပါ ကိုယ့်ကို လက်ထပ်မယ်မလား ?" Kim Taehyung "ဒီစိတ်ဝိဉာဉ်တွေ ရှင်သန်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ ငယ့်အပိုင်ပါ .... သံသရာဆုံးတဲ့အထိ အတူအိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ခင်ပွန်းဟာ ငယ်ပါပ...