အခန်း[၁၅] လွမ်းဆွတ်တမ်းတခြင်း
"ကျွန်တော်တောင်းပန်ပါတယ် ဖွား"
စိတ်ထိခိုက်သွားပုံရသည့်ဖွားက သူ့အားတုံ့ပြန်စကားမဆိုသေး။
ချည်ပုဝါစလေးကိုသာဆုပ်ကိုင်၍ တရှုံ့ရှုံ့ငိုရှိုက်နေရှာသည်။
သူ၏ခွင့်တောင်းစကားက အလွန်အမင်းဝမ်းနည်းနာကျင်စရာကောင်းသည်။
မြေးအဖွားနှစ်ယောက်တည်းသာရှိသည့်ဘဝပေမို့
ဤအိမ်အိုလေးမှာ ဖွားတစ်ယောက်တည်းချန်ရစ်ခဲ့မည့်
သူ့အတွေးမှာ လွန်စွာမှရက်စက်လွန်းရာကျနေသည်။
သို့သော် သူအနည်းငယ်မျှပင်လက်မလျှော့ချင်သေး။
ဖွား၏တားမြစ်စကားကို နားနှင့်ဆက်ဆက်ကြားပြီးသော်လည်း သူ၏ဆုံးဖြတ်ချက်သည်ကား
ပကတိခိုင်မာနေဆဲပင်ဖြစ်၏။"လူကလေး၊
ဖွားမှာလေ...ဘယ်နားပြေးကြည့်ကြည့်
လူကလေးတစ်ယောက်ပဲရှိတာ သိတယ်မဟုတ်လား။
ဒီလိုပြောတာက ဖွားက လူကလေးကို
ချူပ်ကိုင်ချင်လို့မဟုတ်ရပါဘူး။
ဖွားက...ဖွားက လူကလေးအတွက်
ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလည်းမဖြစ်လိုဘူးကွယ်"ညိုစိမ့်စိမ့်ပါးပြင်လေးထက် အတုံးအရုန်းကျဆင်းလာသော
ဖွားမျက်ရည်များကို မျက်ဝါးထင်ထင်မြင်ရသောအခါ
သူ့စိတ်မှာလည်း သိသိသာသာပင်တုန်လှုပ်လာ၏။
သို့သော် သူ၏ဆုံးဖြတ်ချက်ကိုလည်း လက်မလျှော့ချင်။
ဖွားမျက်ရည်များကိုလည်း ထပ်မံ၍မြင်နိုင်စွမ်းမရှိ။
အလွန်ပင်စိတ်မွန်းကြပ်၍ ရွေးချယ်ရခက်သည့်အခြေအနေသို့ သူရောက်ရှိနေ၏။"ဖွားတားမြစ်ချင်တဲ့ရည်ရွယ်ချက်က
ဖွား...လူကလေးကိုမထိခိုက်စေချင်လို့ပါကွယ်...။
အရှင့်သားအပေါ်မှာထားတဲ့ လူကလေးရဲ့မေတ္တာအတိမ်အနက်ကို ဖွားမြင်ပါတယ်။
အရှင့်သားက ဖွားတို့ရဲ့အရှင်သခင်၊ကျေးဇူးရှင်ပါပဲ။
ဖွားစိတ်မကောင်းဖြစ်ရပေမဲ့
လူကလေးရဲ့ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်""ဖွားတောင်းဆိုချင်တာ တစ်ခုပါပဲ။
လူကလေးမှာ အကြောင်းကိစ္စရယ်လို့ရှိလာခဲ့ရင်
အလောတကြီးမဆုံးဖြတ်ခင်မှာ လူကလေးကိုယ်တိုင်နဲ့
ဖွးအတွက်ထည့်တွေးပေးပါလို့...။
လူကလေးမှာ ဖွားရှိသေးတယ်ဆိုတဲ့အသိနဲ့
အရာရာကိုဆင်ခြင်ပါကွယ်"
YOU ARE READING
My Fond Parijat In past...,Where Are You Now? [Our Missing Fate]
Historical Fictionအတိတ်က ကိုယ်ချစ်ရတဲ့ရိုးတံနီလေးရေ မင်း အခုဘယ်ဆီမှာများလဲ...။ [စာရေးသူ ငယ်စဉ်က မက်ခဲ့ဖူးသောအိမ်မက်တစ်ခုကို အစပြုကာ အမြတ်တနိုးဖန်တီးထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းထဲတွင် ပါရှိသည့် ဇာတ်ကောင်များမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးစ...