part 33 Unicode

547 27 6
                                    

ခြယ်နဲ့ အစ်ကို ပြန်အဆင်ပြေပြီးသွားပြီး နောက်ရက်များသည် ခြယ့်အတွက်တော့ လောကစည်းစိမ်အပြည့်နဲ့ပင်။ မိုးလင်းတည်းက ညအိပ်ယာ၀င်ချိန်အထိ ဘာ အိမ်အလုပ်မှမလုပ်ရဘဲ အစ်ကို့ကပင် အကုန်လုပ်ပေးသော ကြောင့် ခြယ်ကတော့ အားလပ်ရက်ရနေပါပြီ။ သူ့ကြောင့် ခြယ်စိတ်ဆင်းရဲရ တာတွေနဲ့ ပြန်ယှဥ်ကြည့်ရင် ဒီလိုအလုပ် တွေခိုင်းစားရတာက ပါးပါးလေးမို့ ခြယ်လည်း အစ်ကို့ကိုသာ အနိုင်ကျင့်နေမိသည်။ ခြယ် အနိုင်ကျင့်ဗိုလ်ကျ ဆိုးချင်တာကြောင့်လည်းပါသလို အစ်ကို့ ချက်ကျွေးသည့်ဟင်းတွေက အရသာရှိတာကြောင့်လည်း ပါပါသည်။ ခြယ်က သိပ်မချက်တတ်သူ ဆိုတော့ သူချက်ကျွေးတဲ့ အရသာရှိရှိတွေကိုသာ တစ်နေ့တစ်နေ့စားနေရင်း ဇိမ်ခံနေလိုက်သည်။ ဦးကောင်းကင်တို့ကတော့ မိန်းမကို စိတ်ဆင်းရဲ စေမှု၏ အပြစ်ဒဏ်အဖြစ် တစ်နေ့ ဟင်းသုံးခွက်ချက်ကာ  အပြစ်ကျွေးဆပ်နေရတာ တစ်လ မကတော့သော်လည်း မငြီးမငြူ ချက်ပေးရှာပါသည်။

ပုံမှန်ရက်တွေဆို မနက်ပိုင်း နှစ်ယောက်သားအလုပ်မသွားခင် အစ်ကိုက ဟင်းကျက်အောင် ထချက်တတ်ပေမယ့် ဒီနေ့တော့ Sunday ပိတ်ရက်မလို့ နေမြင့်မှချက်တာကြောင့် နေ့လယ် ၁၁ ထိုးသည့်တိုင် အစ်ကိုတစ်ယောက် မီးဖိုထဲက ထွက်မလာသေး။ ခြယ်ကတော့ အေးအေးဆေးဆေး ရေချိုး အလှပြင်ပြီးအောက်ထပ်ကို ဆင်းလာရင်းဒီနေ့ ဟင်းလျာကို အနံ့ခံလာသည်။ ခြယ်မီးဖိုထဲရောက်တော့ ခြယ့်ကို ကျောပေးပြီး ဘာတွေမွှေနေလဲ မသိ။ ပုဆိုး တိုတို ဘုတ်သိုက်၀တ်ကာ တီရှပ်လက်တိုနှင့် မိန်းမအတွက်ဟင်းချက်ပေးနေရသော ထိုလူသားသည် ရှပ်အင်္ကျီ မီးပူကျ၊ ကချင်ပုဆိုးဖြင့်သားရေဖိနပ်စီးကာ အမြဲသန့်ပြန့် smart ကျနေသည့် sunset ၏CEO ဦးထက်ကောင်းကင်နှင့်တစ်ယောက်တည်းဆိုတာ တော်ရုံလူသတိထားမိမည်မထင်ပါ။

" ကို ကျက်ပြီလား"
" အင်း ကျက်ပြီ ။ ဒါက ချဥ်ဟင်းဆိုတော့ ခဏနေ ရေဆူရင်ရပြီ။  ဘေဘီကစားတော့မှာလား"
" အင်း။ ဗိုက်ဆာပြီ။ ထည့်ပေးတော့ "
" ကိုယ် ထမင်းပွဲ ပြင်ပေးမယ် ။ သွား ထမင်းစားစားပွဲမှာစောင့်နေ"

ခဏကြာတော့ ခြယ့်ရှေ့ကို ဟင်းပွဲများရောက်လာပါသည်။ ပိတ်ရက်မလို့ ခြယ်ကြိုက်တာတွေရွေးချက်ပေးထားတာလားမသိ။ ငါးဖယ်နဲ့ အုန်းနို့လည်း ကြော်ထားပေးသည်။ ကြက်အသည်းမြစ်ဟင်း ၊ ငရုပ်သီးဘာလချောင်ကြော်၊ ပြောင်းဖူးလေးတွေကို ခြစ်ပြီးမှ ကော်မှုန့်နဲ့ ကပ်ကြော်ထားတာရော၊ ချဥ်ဟင်းရော၊ တို့စရာတွေ ရော ဆိုတော့ တစ်မနက်တည်းနဲ့ အကုန်လုံးချက်ရတာ အစ်ကို ပင်ပန်းနေမှာပဲဟုတွေးလိုက်မိသည်။ ခြယ့်အတွေးများမဆုံးခင် အစ်ကိုကထမင်းပန်းကန်ပါလာချပေးသည်။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now