"လင်းသျှန်ရေ"
"ခင်ဗျာ"
"ဓမ္မာရုံထဲက ဟိုကိုယ်တော်ချောတို့ ဝိုင်းက မင်း ကိုယ်တိုင် အအေး လာတိုက်မှ သောက်မယ်တဲ့လေ"
"ဟုတ်ကဲ့ မမယုဝါ...ကျွန်တော် သွားလိုက်ပါ့မယ်"
ယနေ့ဟာ အတာ သင်္ကြန် အကျနေ့ဖြစ်သည်။
စိမ်းပင်ရွာ၏ ဘုန်းကြီးကျောင်းတွင် ကျောင်းလည် ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်နေသဖြင့် သော်လင်းသျှန်တို့ တာဝန်ကျ လူငယ်တွေ အလုပ်များနေကြ၏။
"ကျောင်းလည်" ဟူသည်မှာ တန်ခူးလ သင်္ကြန်ရက်များတွင် တစ်ရွာနှင့်တစ်ရွာ ကူးကာ ဘုန်းကြီးကျောင်း ကန်တော့သွားကြခြင်းကို ဆိုလိုသည်။ အခါနေ့ရက် မတိုင်ခင်ကတည်းက ထို ကန်တော့လာမည့် ဧည့်သည်များကို ဧည့်ခံရေးအတွက်တော့ ရွာရဲ့အပျို၊လူပျိုခေါင်းဆောင်တွေက အစည်းအဝေးခေါ်ပြီး သူတို့ကို ရက်အလိုက် တာဝန်ခွဲပေးလေ့ရှိသည်။
သော်လင်းသျှန်တို့ ရွာအထက်ပိုင်းမှ လူငယ်များက ယနေ့ သင်္ကြန် အကျနေ့နှင့်နှစ်ဆန်းတစ်ရက်နေ့တွင် တာဝန်ကျ၏။ တန်ခူးနွေက ပူပြင်းလှပေမဲ့ ပင်စိမ်းသီးပင်တွေ ပေါများလှသော စိမ်းပင်ရွာမှာကား တောင်ပေါ်၌ တည်ရှိသည် ဖြစ်ရာ မြေပြန့်နှင့်စာလျှင် အပူသက်သာသည်ဟု ဆိုရမည်။
နွေပူကျဲကျဲအောက် ဘုန်းကြီးကျောင်းတက် သီလယူကြသော ဧည့်သည်များ အမောပြေစေရန် အလို့ငှာ သော်လင်းသျှန်တို့ တာဝန်ကျသည့် ယနေ့မှာတော့ သံပုရာရည် အေးအေးလေး တိုက်ဖြစ်သည်။
သော်လင်းသျှန် လက်ထဲတွင် ဖန်ခွက်နှင့်ဖျေည်ရည်ဂျား တင်ထားသော ဗန်းကို သယ်ပြီး ဖျော်ရည်တဲလေးထဲကနေ ဓမ္မာရုံထဲသို့ ဝင်သွားလိုက်၏။ ဓမ္မာရုံထောင့်ဘက်တွင် ထိုင်နေသည့် ဝိုင်းဆီ တန်းတန်းမတ်မတ် လျှောက်သွားစဥ္မှာ တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းများက သူ့ထံ ကျရောက်လို့လာသည်။
မောင်...။
မောင့်ရဲ့ညို့မျက်ဝန်းအစုံက ချစ်ရိပ်ကဲလျက်။
သူ့ရင်ထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်ရသောကြောင့် သော်လင်းသျှန် ခြေလှမ်းမမှားအောင် သတိထားနေရ၏။