"မောင် ကျွန်တော့် သူငယ်ချင်းကို ဖုန်းဆက်ချင်တယ်"
သောမတ်စ်အိမ်တွင်ရှိသော ကြိုးဖုန်းဖြင့် မောင်က သူရွတ်ပြသည့် နံပါတ်ကို ခေါ်ပေးပါ၏။ ဟိုဘက်က ဖုန်းလက်ခံတော့ မောင်က သူ့လက်ထဲ ဖုန်းထည့်ပေးပြီး သူ အေးဆေး စကားပြောလို့ရအောင် မီးဖိုခန်းထဲသို့ ဝင်သွားသည်။
"ဟယ်လို"
"ချမ်းမြေ့"
"လင်းသျှန်လား"
"အေး ငါ"
သူတို့ရွာတွင် သီးနှံပွဲစားလုပ်သည့် ချမ်းမြေ့တို့တစ်အိမ်ပဲ ဖုန်းရှိသည်။ သော်လင်းသျှန် ကျောင်းကနေ အိမ်ကို တစ်ခုခု မှာချင်လျှင်တောင် ချမ်းမြေ့တို့ အိမ်ဖုန်းကို ဆက်ပြီး တစ်ဆင့် ပြောခိုင်းလေ့ ရှိခဲ့၏။
"မင်းတို့ အဆင်ပြေလား"
"အေး ဒီနေ့ မောင့်မိဘတွေ လာသွားတယ်...မောင့်မိသားစုကတော့ ကြည်ကြည်ဖြူဖြူပါပဲ"
"ပွဲညက ငါနဲ့ဝေဟန် မင်းတို့အကြောင်း သွားအသိပေးတော့ မင်း အဖက အတော်လေး ဒေါသ ထွက်သွားတာကွ...တုတ်ဆွဲ ဓားဆွဲမို့ ငါတို့တောင် ပြန်ပြေးလာရတယ်"
"အမေကရော"
"ငါ မနက်က မင်းတို့ အိမ်ဘက် ရောက်သေးတယ်...ကြီးရွှေက ဆိုင်တောင် ပိတ်ထားတယ်"
"အမေ ငါ့ကြောင့် ရှက်နေမှာပဲ"
"မင်းရဲ့မိဘတွေက မင်းကို ချစ်ပါတယ်ကွာ...နားလည်ပေးကြမှာပါ"
"ဒါပေမဲ့ ပါတ်ဝန်းကျင်က ရှိသေးတယ်ကွ"
"အခု မင်း ယောက်ျားနောက်လိုက်ပြေးတဲ့ သတင်းက ဘေးရွာတွေအထိ ပျံ့နေတယ်...မင်း အဖေ မျက်နှာကြောင့်သာ ပေါ်ပေါ်ထင်ထင် မဝေဖန်ရဲကြတာ"
"ငါ့မိသားစုက ငါ့ဘက်မှာ ရှိနေပေးကြမယ်ဆိုရင် ငါ ဘာမဆို ရင်ဆိုင်ရဲပါတယ်"
"ငါ သိပါတယ် သူငယ်ချင်းရာ...မင်း မိဘတွေနဲ့တော့ မြန်မြန်တွေ့လိုက်တာ ကောင်းမယ် သိလား"
"အင်း...ငါ မောင်နဲ့တိုင်ပင်ထားပါတယ်"
"တစ်ခုခု အကူအညီလိုရင် ဖုန်းဆက်လိုက် သူငယ်ချင်း"
![](https://img.wattpad.com/cover/319592313-288-k796353.jpg)