ငါးလကြာသော်....။
"မောင်ရေ...ဒီနေ့ ကန်တော့ ပစ္စည်းတွေ သွားဝယ်ရမှာနော်"
"မောင် သိပါတယ်ဗျာ...ရုံးစောစော ဆင်းခဲ့ပါ့မယ်...ဟုတ်ပြီလား"
သော်လင်းသျှန် မီးဖိုဆောင်ထဲကနေ လှမ်းပြောတော့ မောင်ကလည်း ရုံးသွားဖို့ ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာ၏။
"ဒီမှာ ထမင်းချိုင့်"
"ဒါပဲလား"
"စုံပြီလေဗျာ...ရေဘူးရော...အချိုတည်းဖို့ မုန့်ဘူးလည်း ပါပြီ"
"သျှန်က ခုတော့ နှုတ်ဆက်အနမ်း ပေးဖို့တောင် မေ့တတ်နေ..."
မောင့်စကား မဆုံးသေးခင်မှာပဲ သော်လင်းသျှန် မောင်နဲ့နှုတ်ခမ်းချင်း အပ်လိုက်သည့်အခါ မောင်ပြုံးသွားတာကို အနမ်းတွေကြားမှာ ခံစားမိလိုက်ပါသည်။
"ရုံးတောင် မသွားချင်တော့ဘူးကွာ"
"သွားရမယ်...သွား"
သူ ကားနားအထိ ရောက်အောင် လိုက်ပို့တော့ မောင်က သူ့ပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းပြီးမှ ကားပေါ်တက်၏။
မောင့်ကားလေး လမ်းထိပ်သို့ ရောက်တဲ့အထိ ရပ်ကြည့်နေပြီးမှ သော်လင်းသျှန် အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ ကျောင်းပိတ်ထားသဖြင့် သူကတော့ အိမ်မှာပဲ လုပ်စရာ ရှိတာ လုပ်ရမည်။
မောင်နဲ့သူက အခု အိမ်အသစ်လေးမှာ နေကြတာ တစ်လတောင်ကျော်ပြီ။ အတန်အသင့်ကျယ်ဝန်းသော ခြံဝန်းထဲတွင် သူ့စိတ်ကြိုက် ဆောက်ခဲ့သော တစ်ထပ်တိုက်လေးက နေချင့်စဖွယ်။
ခြံထဲမှာ မောင်နဲ့သူ စိတ်ကူးထားသလို ချယ်ရီပင်တွေလည်း စိုက်ထားပါသည်။
သော်လင်းသျှန် အဝတ်တွေ လျှော်ပြီးနောက် ခြံထဲဆင်းပြီး ထိုအပင်လေးတွေကို ရေလောင်း၏။ တချို့ ပန်းပင်လေးတွေကိုတော့ ပေါင်းသင်သင့်တာ သင်ရသည်။
နေတက်ချိန်ရောက်မှ အိမ်ထဲ ပြန်ဝင်ပြီး အအေးလေးတစ်ခွက်သောက်ရင်း TV လိုင်းတွေ တစ်ခုပြီး တစ်ခု ပြောင်းကြည့်ပေမဲ့ စိတ်ဝင်စားစရာ မတွေ့၍ ခြောက်သွားတဲ့ အဝတ်တွေကိုပဲ ရုတ်ကာ မီးပူတိုက်နေလိုက်သည်။