"လင်းသျှန်ရေ...သွားကြမယ်ဟေ့"
သူ ကန်တော့ဖွယ်ရာတွေ ပြင်ဆင်နေတုန်း နှင်းဆီတို့က အိမ်ရှေ့မှ လှမ်းအော်၏။ ဘုန်းကြီးကျောင်း ငါးကျောင်းစာ လှူမည့် ဝတ္ထုငွေတွေပါ စာအိတ်တစ်အိတ်စီ ထည့်ပြီးတော့ သော်လင်းသျှန် ပလိုင်း လွယ်လျက် အိမ်ပေါ်မှ ဆင်းသွားလိုက်သည်။
ချမ်းမြေ့တို့အိမ်က ကုန်တင်ရင်သုံးသည့် Lite Truck ကားလေးကို ချမ်းမြေ့ကိုယ်တိုင် မောင်းလာပြီး ကားပေါ်တွင် သူ့သူငယ်ချင်းတွေနဲ့ လူကြီး လေးငါးယောက်သာ ပါ၏။ သူ ကားပေါ် တက်ပြီး မင်းဝေဟန်ရဲ့ နံဘေး နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။
"ဒီနေ့ ကား ဘယ်နှစီး ထွက်မှာတဲ့လဲ"
"၁၀စီး ထင်တယ်"
မနက် ၈ နာရီတွင် ကျောင်းလည်သွားမည့် ကားတွေ အကုန်လုံး ဘုန်းကြီးကျောင်းရှေ့၌ လူစုပြီး လူစုံပါမှ ယာဥ္အတန်းလိုက် ထွက်ခွာကြ၏။ သူတို့ငယ်ငယ်တုန်းကတော့ ကျောင်းလည်သွားရင် ထော်လာဂျီ စီးရသည်။ ရွာဝေးတွေကျတော့ ထော်လာဂျီနဲ့က သိပ်ခရီးမတွင်။
မနက်ပိုင်းတင် ရွာသုံးရွာရှိ ဘုန်းကြီးကျောင်းတွေကို ကန်တော့ခဲ့ပြီး လေးရွာမြှောက်က မောင်တို့ရဲ့ ဇီဇဝါရွာ။ သူတို့ရွာမှ အပျို လူပျိုတွေက ဇီဇဝါရွာသို့ သွားရတာကို ပျော်ကြသည်။
ဇီဇဝါရွာတွင် ခံ့ခံ့ညားညား ယောက်ျားသားများ လက်ညိုးထိုး မလွဲ တွေ့ရတတ်ကာ ဇီဇဝါ ရွာသူများ ဆိုလျှင်လည်း တစိမ့်စိမ့်ငေးရလောက်အောင်ပင် ချောကြ လှကြ၏။
တစ်ခါက သော်လင်းသျှန် မောင့်ကို မေးဖူးသည်။ "မောင်က မောင့်ရွာသူ အလှလေးတွေကို မကြိုက်ဘဲ ဘာလို့ ကျွန်တော့်ကို ကြိုက်ရသလဲ" ဟူ၍။
"မောင့်နှလုံးသားကို သျှန်ကပဲ လှုပ်ခတ်စေလို့ပေါ့ကွာ" ဟု မောင်က ပြုံးပြုံးလေး ပြန်ဖြေခဲ့သည်။
သူ မောင့်ကို စိတ်ခုနေသည့်တိုင် မောင့်အကြောင်းတော့ မတွေးဘဲ မနေနိုင်။
အရပ် ခြောက်ပေ မြင့်သော မောင်က
သူ့တစ်ကိုယ်လုံးကို ရင်ခွင်ကျယ်ထဲ နှစ်မြုပ်စေနိုင်သည်ထိ သန်မာ ခံ့ညား၏။ ဉာဏ်ရည်ထက်သည့်အပြင် ကြင်လည်း ကြင်နာတတ်တာမို့ မောင့်ကို သဘောကျသူတွေ ဝိုင်းဝိုင်းလည်နေတာလည်း သူ သိသည်။ အဲ့ဒါကြောင့်လည်း သော်လင်းသျှန် မောင့်ကို မကြာခဏ သဝန်တိုနေရခြင်း။