တဖြည်းဖြည်းနဲ့ သော်လင်းသျှန် ဘွဲ့ယူရမည့် ရက်က နီးလာလေပြီ။ အမေတို့ဆီကနေ သတင်း တစ်ခုခု ထူးမလားဟု ဖုန်းမျှော်မိတာလည်း နေ့တိုင်းပင်။ ကိုကြီးကလည်း နယ်ပြောင်းဖို့ ရှိနေ၍ ခုတလော သူနဲ့ အဆက်အသွယ်မရပေ။ အမေတို့ သူ့ကို သားအဖြစ်ကနေများ စွန့်လွှတ်လိုက်ပြီလားဟု တွေးမိတိုင်း သော်လင်းသျှန် မျက်ရည်ကျရစမြဲ။ ဒီလိုနဲ့ပဲ Rehearsal နေ့အထိ ရောက်လာခဲ့ပြီ ဖြစ်သည်။
"ခေါင်းပေါင်းက မောင်ပေါင်းပေးမယ်"
"ကျေးဇူး မောင်"
"မောင့်ကောင်လေးက ချောလိုက်တာဗျာ"
"မောင်ကတော့ အခံ့ညားဆုံးပဲ"
အဖြူရောင် ရှပ်အင်္ကျီလက်ရှည်နဲ့ခဲရောင် ဘောင်းဘီရှည်ကို ရိုးရိုးရှင်းရှင်း ဝတ်ထားတာတောင် မောင်က ကြည့်ကောင်းလွန်းနေတာ မဟုတ်လား။
"မောင့်ကို နမ်းပါဦး"
သော်လင်းသျှန် ခြေဖျားထောက်လျက် မောင့်ပါးပြင်ဝယ် အနမ်းတစ်ပွင့် ခြွေလိုက်တော့ မောင်က သူနဲ့ နှုတ်ခမ်းချင်း အပ်လာပါ၏။
သူ့အား ကြင်ကြင်နာနာ ပွေ့ဖက်ထားသည့် မောင့်လက်မောင်းတွေကြား သော်လင်းသျှန် တိမ်တွေပေါ် လွှင့်မျှောနေသကဲ့သို့။
မြတ်နိုးမှု အပြည့်နဲ့ မောင့် အနမ်းများမှာ နူးညံ့စွာ။
"မောင် ကျွန်တော်တို့ နောက်ကျနေဦးမယ်"
"ဟုတ်သားပဲ"
ချစ်ကြည်နူးနေမိသည့် သူတို့နှစ်ယောက် နာရီကို ကြည့်မိမှ ရယ်ရသေးသည်။
ဘွဲ့နှင်းသဘင်ကိုရောက်တော့ မောင် ကိုယ်တိုင် သူနဲ့သူ့သူငယ်ချင်းတွေကို အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပေး၏။ သူနဲ့မောင့်ကိုလည်း သူငယ်ချင်းတစ်ယောက်က ပြန်ရိုက်ပေးပါသည်။
Rehearsal နေ့ ဆိုပေမဲ့ တချို့က မိဘတွေနဲ့ အတူလာပြီး တချို့ကတော့ ချစ်သူရည်းစားတွေနဲ့ အတူ ပွဲတက်ကြသည်။
"မောင်က ဓာတ်ပုံဆရာ လုပ်သင့်တာ"
"သျှန့်တစ်ယောက်တည်း အတွက်ပဲ လုပ်ချင်တာ"