နွေဥတု ကုန်လွန်ပြီး ၀ဿာန်ရာသီသို့ ကူးပြောင်းစ။
တက္ကသိုလ် နောက်ဆုံးနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်ကာလ။
မေဂျာတိုင်းက ကျောင်းသားတွေ အုပ်စုအလိုက် ဘွဲ့ကြိုစာတမ်း ပြုစုရချိန်။
အဖွဲ့ခေါင်းဆောင်ဖြစ်သော သော်လင်းသျှန်တစ်ယောက် စာမှတစ်ပါး တစ်ခြား ဘာကိုမျှ အာရုံမစိုက်နိုင်ဘဲ ရှိနေတော့သည်။
မောင်ကလည်း သူ့ရုံးတွင် အရေးကြီးသောProject တစ်ခု အောင်မြင်ဖို့ အားသွန် ခွန်စိုက် ကြိုးပမ်းနေရ၍ သူတို့နှစ်ယောက် အရင်ကလို အေးဆေး မတွေ့နိုင်ကြချေ။
ရက်တွေ ကြာလာသည့်အခါ...
သော်လင်းသျှန် နေ့ဘက်တွေမှာ ကျောင်းကိစ္စထဲ စိတ်နှစ်ထားလို့ရပေမဲ့ ညဘက်တွေဆိုရင်တော့ မောင့်ကို တမ်းတမ်းတတ လွမ်းစိတ်က မဖြေသာ။
အရင်ဆို ဘယ်လောက်အလုပ်များများ မောင်က သူ့ကို တစ်ပါတ် တစ်ခါလောက်တွေ့ဖြစ်အောင် လာတွေ့တတ်သည်။
အခုတော့...မောင် သူ့ကို ပစ်ထားတာ နှစ်ပါတ်နီးပါး။
သော်လင်းသျှန် ဒီနေ့ အတော်လေး အဆင်မပြေပါ။
အဖွဲ့သားတစ်ယောက်က အမှားလုပ်မိ၍ သူတို့တစ်ဖွဲ့လုံး Supervisor ဆီမှ အဆူခံရသည့်အပြင် ခေါင်းဆောင်ဖြစ်တဲ့ သူ့မှာ တာဝန် ပိုကြီးသွား၏။
ရေဒီယိုကနေ မိုးလေဝဿ သတင်း နားထောင်ထားလျက်နဲ့ မနက် အဆောင်က အထွက်မှာ ထီးယူဖို့ မေ့ခဲ့ပြီး ကျောင်းကနေ အပြန်လမ်းတွင် မိုးကြီး မိပါတော့သည်။
လူပင်ပန်း စိတ်ပင်ပန်းမို့ ညနေစောင်း အချိန်တွင် အိပ်လိုက်မိသည့် အကျိုးဆက်က ခေါင်းတစ်ခုလုံးကို ကိုက်ခဲနေစေ၏။
"လင်းသျှန်"
"လင်းသျှန်"
အခန်းဖော် သူငယ်ချင်း ထွန်းမာန် သူ့ကို လာနိှုးတော့ သော်လင်းသျှန် အိပ်ရာထဲမှ မနည်း ထရသည်။
"ကိုကောင်းမြတ်မောင် ရောက်နေတယ်"
မောင့်နာမည်ကြားတာနဲ့ သူ ခုတင်ပေါ်မှ ဆင်းလိုက်ပါ၏။