မောင့်ဆီမှ ၇ရက် တစ်ပါတ် တစ်ခါ စာတွေ မှန်မှန် လာနေသော်လည်း လူချင်း မတွေ့ရသည်မှာ တစ်လကျော် ကြာခဲ့လေပြီ။
နောက်ဆုံးနှစ် အောင်စာရင်း မထွက်ခင် ကာလတွင် သော်လင်းသျှန် ရွာထဲက စာသင်ဝိုင်း၌ အင်္ဂလိပ်ကျူရှင်ဆရာ လုပ်နေကာ စနေ တနင်္ဂနွေ နားရက်ဆိုရင် အဖနဲ့အတူ ယာထဲ လိုက်ဆင်းကူသည်။
ညဘက်တွေဆိုရင်တော့ မောင့်ဆီက စာတွေကို ပြန်ဖတ်ရင်း အလွမ်းဖြေရပါ၏။
အဲ့ဒီ့လိုနဲ့ တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာခဲ့ပြီး ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ။
သော်လင်းသျှန် စုထားသည့် ကျူရှင် ဆရာ လစာလေးဖြင့် ကန်တော့ဖွယ်ရာတွေ ဝယ်ကာ မိဘနှစ်ပါးကို လက်အုပ်ချီမိုးလျက် ကန်တော့သည်။ အပြစ်တွေ ရှိလျှင်လည်း ခွင့်လွှတ်ပေးပါဟု ဝန်ချ တောင်းပန်ခဲ့၏။
မကြာခင် သူတို့ရွာတွင် သီတင်းကျွတ် မီးထွန်းပွဲ ကျင်းပပါလိမ့်မည်။ အဖက မီးငယ် မီးကြာလှည့်ဖို့အတွက် ဖယောင်းစက္ကူဖြင့် မီးကြာခွက်လေး လုပ်ပေးနေသည်။ ညကျရင် တခြားရွာက အဖေ့အမျိုးတွေ အိမ်လာကြမှာမို့ အမေနဲ့မမက မီးဖိုထဲတွင် ထမင်းဟင်း ချက်ပြုတ်နေကြ၏။
သော်လင်းသျှန်ကတော့ ပွဲညကျရင် မီးပုံးပျံ လွှတ်ဖို့ လူငယ်တွေ ကြိုတင် ပြင်ဆင်နေကြသည့် ဘုန်းကြီးကျောင်းသို့ ထွက်လာလိုက်သည်။
"နှင်းဆီတောင် စွံပြီဟေ့"
"ပွဲပြီးတာနဲ့ မင်္ဂလာဆောင်တော့မယ်"
ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စလုပ်ကိုင်ရင်း အပျိုမိန်းကလေးတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြခြင်းအား သူတို့ ယောက်ျားလေးတွေလည်း ကြားနေရပါသည်။
နှင်းဆီနဲ့ချစ်ကြိုက်နေသော ဇီဇဝါ ရွာသားက မနေ့ကပဲ နှင်းဆီကို လူကြီးစုံရာဖြင့် လာရောက် တောင်းရမ်းသွား၏။ ရပ်ရွာရဲ့ ရပ်မိရပ်ဖတွေထဲက တစ်ယောက်ဖြစ်သော အဖ ကိုယ်တိုင် နှင်းဆီတို့ မင်္ဂလာပွဲအတွက် ရက်ကောင်းရက်မြက် ရွေးပေးလိုက်တာ ဖြစ်သည်။
"လင်းသျှန်...မင်းရော ဘယ်တော့လဲ"
"အေး...ငါတို့ကောင်က ကျောင်းသာပြီးသွားတယ်...ရည်းစားအကြောင်း တစ်ခွန်းမှ မဟတာဗျား"