သော်လင်းသျှန်တို့ နောက်ဆုံးနှစ် ကျောင်းသားတွေက စာမေးပွဲ ဖြေပြီးနောက်ရက်မှာ Term paper ဖတ်ဖို့ ကျန်သေးတာမို့ အဆောင်ကနေ မပြန်ရသေး။
သော်လင်းသျှန် ဘာသာတိုင်းကိုတော့ ဂုဏ်ထူးမှတ်ရအောင် ဖြေနိုင်ခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ၏။
သူ ကျောင်းဆက် မတက်ဖြစ်လျှင် မောင်နဲ့ တစ်လတစ်ခါ တွေ့ရဖို့ပင် မသေချာတော့ပေ။ ထို့ကြောင့် သူ အရင်နှစ်တွေကထက်ပိုပြီး စာကို ကြိုးစားခဲ့တာဖြစ်သည်။
သူတို့ ပြုစုထားသည့် စာတမ်း ဖတ်ပြီးနောက် Groupထဲက သူငယ်ချင်းတွေ တစ်စုတစ်စည်းတည်း လျှောက်လည်ကြသည်။
ကျောင်းပြီးရင် ဒီသူငယ်ချင်းတွေနဲ့ ထပ်တွေ့ရဖို့ မသေချာတော့ဘူး မဟုတ်လေလား။
နောက်ရက်ကျတော့ သော်လင်းသျှန် အိမ်ပြန်ဖို့ အဆောင်မှာ ပစ္စည်းတွေ ကြိုသိမ်းထားရသည်။ မပြန်ခင် မောင်နဲ့တွေ့ဖို့ တစ်ရက် ချိန်းထား၍ သူ အဆောင်ရှေ့တွင် မောင့်အလာကို မျှော်နေမိသည်။
ချိန်းထားသည့် အချိန် မနက် ၈နာရီအတိတွင်မောင်က ကားဖြင့် ရောက်လာပြီး
ကားပေါ်မှ ဆင်းသည်နှင့် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းပါတော့သည်။
"မောင်...လူတွေ မြင်မယ်လေ"
"မြင်ပါစေကွာ"
တစ်လခွဲလောက် မတွေ့ခဲ့ရသဖြင့် မောင်က အလွမ်းသယ်နေပြန်ပါပြီ။
သူ့အား နှစ်မိနစ်မျှ ကြာအောင် ပွေ့ဖက်ပြီးမှသာ မောင်က ကားပေါ်တက်စေသည်။
"မနက်စာ ဘာစားချင်လဲ"
"တို့ဟူးနွေးကို ကြာကွေးနဲ့ စားချင်တယ်"
သူတို့ စားနေကျ ရှမ်းခေါက်ဆွဲဆိုင်ရောက်တော့ ဆိုင်မှာ လူတောင် သိပ်မရှိသေးပါ။
မောင်က လေကောင်းလေသန့်ရသော ပြတင်းဘေးရှိ စားပွဲဝိုင်းတွင် သူထိုင်ဖို့ ခုံဆွဲပေးပြီး တစ်ခါတည်း စားစရာမှာပေး၏။
"ခဏနော် မောင် ဟိုဘက်ဆိုင်က ကြာကွေး သွားဝယ်ပေးဦးမယ်"
"ဟုတ်ကဲ့"