"မင်းရောမိဘခေါ်ခဲ့"
ဉာဏ်ရိပ်ထင်သည်ဆရာမပေးလာသည့်တိုင်စာအား မျက်နှာပူပူ ယူမိသည်။
သူဒီကိစ္စအတွက် နောင်တလုံးဝမရပေ၊ သူစာကျက်၍ကျတာမှ မဟုတ်ဘဲ.။ တစ်လလုံးနေချင်သလိုနေပြီးမှ ရလာသော..သုံးဆယ်ကျော်အမှတ်များသည် သူ့အတွက်များတောင်များလွန်းနေလေသည်။
တွက်စာတွေမှာ အမှတ်သာသလောက်... ကျက်စာ အားနည်းလွန်း၍ အမြဲ ကျတဲ့ စာရင်းထဲပါဝင်သည်၊ ပျင်း၍ မကျက်တာဆိုပို၍မှန်မည်ထင်။
"ဒီတစ်ခါလည်း ကျပြန်ပြီလား သားရယ်၊ သင်္ချာ အမှတ်ကျကောင်းတယ်၊ တခြားဘာသာကျတော့ အကုန် နှစ်ဆယ်ကျော်သုံးဆယ်တွေချည်းပါလား ဉာဏ်ဉာဏ် ဟင် နင်တော်တော် ဆိုး"
"မေမေကလည်း... အခုမှကိုးတန်းရှိသေးတာပါ၊ ကြိုးစား ချိန်တွေအများကြီးကျန်ပါသေးတယ်"
"အဲ့လိုမေမေကိုပြောလာတာ ငါးတန်းကတည်းကနော် သား"
"ဟီးဟီး မေမေကလည်း"
ဖတဆိုးသားလေးကို ဒေါ်တင့်တင့် အလိုလိုက်ခဲ့မိတာ အရမ်းများခဲ့သလားမှတ်ရသည်၊ အပေါင်းအသင်းမက်၍ စာထဲတွင်လည်း စိတ်မဝင်စားသော ဒီကလေးကို ထက်မြက်တဲ့ ကလေးအမှန်ပင်ဖြစ်စေချင်မိသည်။ ဆိုးလည်း ချစ်ရသည်ဆိုပေမယ့်... လိမ္မာရင်ဘယ်လောက်များကောင်းလိုက်မလဲလေ။
"ဘေးအိမ်က...လူသစ်တွေ ရောက်လာတယ် ဆရာဝန်မိသားစုတဲ့ ဉာဏ်ဉာဏ်ရေ၊ ကူညီစရာရှိရင် ကူညီပေးရမယ်နော်သား"
"မေမေနဲ့သိလို့လား"
"မေမေနဲ့မသိလည်း အိမ်နီးချင်း ဖြစ်လာပြီလေ သားရဲ့၊ "
"အင်းပါ မေမေရဲ့"
..."ဟို အန်တီ ၊ သားဘာကူညီပေးရဦးမလဲဟင်၊ မေမေက ဒီဘက်က အသစ်ပြောင်း လာတာ ကူညီစရာရှိရင် ကူညီပေးပါဆိုလို့အဲ့တာ"
"ဪသားကဘေးအိမ်ကလား..ရပါတယ် သားရယ် ဒီလိုလာမေးတာကိုကျေးဇူးတင်ရပါတယ်၊ သားနာမည်ဘယ်သူလဲဟင်ဒါနဲ့"
"ဉာဏ်ရိပ်ထင်ပါအန်တီ"
"အန်တီကဒေါ်ဥမ္မာဆွေတဲ့ မှတ်ထားနော်သား "
ခဏအကြာ ထွက်သွားသောဉာဏ်ဉာဏ်ကိုကြည့်၍ ဒေါ်ဥမ္မာပြုံးမိသည်။