[ Unicode]ရက်သတ္တပတ်၏အစ တနင်္လာနေ့မှာ ဒုတိယနှစ်တွေရဲ့ နံနက်ခင်း 9 နာရီ အတန်းရှိတာမို့ ဟန်နွန်းတက္ကသိုလ်ဝင်းရှိရာသို့ မနှေးမမြန် မောင်းနှင်လာခဲ့သည် ။
ကျောင်းကိုရောက်တော့ ဆရာများအတွက် သီးသန့်သတ်မှတ်ထားပေးသော ယာဉ်ရပ်နားရာနေရာမှာ
ကားကိုစက်ရပ်လိုက်သည် ။ အချိန်လည်းကပ်နေပြီမို့ ဘေးခုံပေါ်တင်ထားသော ကွန်ပျူတာအိတ်ကို
လှမ်းယူပြီးသည်နှင့် ဌာနကိုမဝင်တော့ဘဲ စာသင်ဆောင်များ ရှိရာဖက်သို့သာ တန်းထွက်လာခဲ့သည် ။စာသင်ဆောင်တွေနားနီးလာလေ ကျောင်းသားတွေရဲ့ စကားပြောစနှောက်သံများကို အတိုင်းသားကြားရလေပဲ ။ အဝေးကနေ သူလာတာ လှမ်းမြင်သည့် ကျောင်းသားတချို့ကလည်း ဆရာ့ထက်နောက်ကျမှာစိုး၍ စာသင်ခန်းထဲသို့ သုတ်ခြေတင်ပြေးဝင်သွားကြသည် ။
လျှောက်လမ်းတစ်လျှောက်မှာ စကားရပ်ပြောနေကြသည့် ကျောင်းသားတွေကလည်း သူ့ကိုနှုတ်ဆက်သည့် ကျောင်းသားကနှုတ်ဆက်၍ မျက်နှာချင်းမဆိုင်ရဲလို့ ခေါင်းငုံ့သွားသည့်သူကငုံ့လို့ ။ လက်ချင်းတွဲထားကြသည့် အတွဲများကလည်း သူ့ကိုတွေ့သည်နှင့် ရှက်ကြောက်စွာတွဲလက်များကိုဖြုတ်လို့ ။သူ့လုပ်သက်တစ်လျှောက်မှာ ကြုံဆုံခဲ့ရသော ကျောင်းသားတွေဟာ အမျိုးအစားစုံလင်လှသည် ။
စက္ကန့်တိုင်းမှာ စရိုက်အမျိုးမျိုးနှင့် ကျောင်းသားအဖုံဖုံကို တွေ့ဆုံရခြင်းက တက္ကသိုလ်ရဲ့ အငွေ့အသက်ကို မငြီးငွေ့နိုင်သည့် အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။
မက်လောက်စရာဝင်ငွေတို့ ချပြစရာမရှိလျှင်တောင်မှ စာသင်ကြားခြင်းကို သိပ်ဝါသနာထုံလွန်းသောသူ့အဖို့ ဤအလုပ်ကို သိပ်သဘောကျရသည် ။
သူ့ကိုကမ်းလှမ်းကြသော တက္ကသိုလ်ပေါင်းများစွာ
ရှိပေမယ့် သူ့လူငယ်ဘဝတို့စတင်ရာ အမိတက္ကသိုလ်ကိုသာ သံယောဇဉ်ပိုစွာ နောင်တရခြင်းမရှိ ရွေးချယ်ခဲ့သည် ။20နှစ်အရွယ် ကျောင်းသားရှင်းမ်ဂျယ်ယွန်း၏ ခြေရာတို့ဖြင့် ပြည့်နှက်နေခဲ့သော ကျောင်းဝန်းထဲကို အသက်သုံးဆယ်စွန်းစွန်း ပရော်ဖက်ဆာရှင်းမ်အနေနှင့် တစ်ဖန်ပြန်လည်ခြေချခဲ့သည် ။
သူနှင်းခဲ့သော ခြေရာဟောင်းတွေပေါ် ခြေရာအသစ်တို့ ထပ်ဖြည့်ဖြစ်နေပေမယ့် ခံစားချက်တွေဟာ အတိတ်နှင့် ဆင်မယောင်ယောင်ဖြင့် သိပ်ထပ်တူမကျတော့ ။