[ Unicode ]
တစောင်းလဲလျက်အနေအထားနဲ့ ဘေးတွင်အိပ်မောကျနေသော အစ်ကို့ကို ငြိမ်ငြိမ်လေး ငေးကြည့်နေသည်မှာ နိုးခါစကတည်းက ။ စင်စစ် အစ်ကို့နောက်မှ အိပ်ရာကနေ ပျင်းရိပျင်းတွဲ ထတတ်သောသူဟာ ယနေ့မနက်မှာမူ အစ်ကို လနှင့်ချီကြာ ခရီးထွက်ရမည်ဆိုသည့် အသိကြောင့် စောလင့်စွာ နိုးနေမိခြင်း ။
အဖြူရောင်လိုက်ကာစ အနည်းငယ်ဟနေသော
မှန်တံခါးချပ်မှ ဝိုးတဝါးလှမ်းမြင်နေရသည့် အာရုဏ်ဦး၏ မစို့မပို့နေရောင်နှင့်အပြိုင် အစ်ကိုဟာ မခို့တရို့လေး လှနိုင်လွန်းသည် ။ သူ့မှာတော့ တစိမ့်စိမ့်ကြည့်ရင်းနဲ့သာ တသိမ့်သိမ့်ရင်ခုန်ရတာပဲ ။အိမ်နှင့်တူသောအိမ်မှာ အိမ်နှင့်တူသောတည်ရှိမှု
နံဘေး၌ နိုးထလာရသည့် မနက်ခင်းများကို သူဟာ
နှင်းရည်ရောစပ်သော နေခြည်နွေးနွေးတို့ အဖျားခတ်ခံရခြင်းဟုပင် တွေးထင်မိပါ၏ ။ ပိုပိုသာသာ စာသားဖွဲ့နွဲ့မှုမဟုတ်ဘဲ ဧကန်စင်စစ် ဤခံစားချက်ဟာ ဘယ်လောက်တောင်မှ နွေးထွေးလိုက်သလဲ ။ ဘယ်လောက်တောင်မှ အေးမြလိုက်သလဲ ။နဖူးပြေပြေထက် ဝဲကျနေသော ဆံစတို့ကို အသာအယာသပ်တင်ပေးပြီးနောက် ဖိကပ်ရုံလေး အကြင်နာဖွဖွပေးလိုက်၏ ။ အိပ်မက်ကောင်းပဲမက်နေ၍လား ၊ သူ့အနမ်းကိုပဲ ခံစားမိ၍လားမသိပေမယ့် ပြုံးယောင်ယောင်ဖြစ်သွားသော နှုတ်ခမ်းစွန်းတို့ကြောင့် သဘောကျစွာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြန်သည် ။ အစ်ကို လေဆိပ်မသွားခင် မနက်စာအမှီပြင်ပေးရန် ရည်ရွယ်ထားတာမို့ စောင်ကို ရင်ဘတ်နားထိ အသာဆွဲခြုံပေးပြီးနောက်
ကုတင်ပေါ်မှ ဖြေးညှင်းစွာ ထလာခဲ့လိုက်သည် ။....
" ဆောင်းဟွန်း "
" ဟင် အစ်ကိုနိုးလာပြီလား "
သူ့နာမည်ကို ခေါ်ဆိုသော အသံကြည်ကြည်ကြားလိုက်တော့ ဟင်းရည်အိုးကို မီးအရှိန်လျှော့ကာ အစ်ကိုရှိရာ မီးဖိုအခန်းဝဆီ လှမ်းလာခဲ့လိုက်သည် ။
" Morningပါ ကျွန်တော့်ရဲ့ပရော်ဖက်ဆာ " ဟူသော နှုတ်ခွန်းဆက်စကားကို နဖူးပြင်ထက် အနမ်းခြွေရင်း သာမန်ဆန်စွာ ရောယောင်ပြုမူတော့ အစ်ကိုဟာ ခပ်ပြုံးပြုံးရယ် ။