~ 10 ~

1.1K 130 33
                                    


[ Unicode ]

နှစ်လကျော်သုံးလနီးပါး အချိန်ပေးလိုက်ရသည့် 
သုတေသနစီမံကိန်းကြီး   အောင်မြင်စွာပြီးစီးကြောင်း အထိမ်းအမှတ်အဖြစ်  ပရောဂျက်တွင်ပါဝင်ခဲ့ကြသော  ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့် 
ဟန်နွန်းမှဝန်ထမ်းများ၏ မိတ်ဆုံစား‌ပွဲကို  ဟော်တယ်တစ်ခု၌ ကျင်းပဖြစ်သည် ။
ဤသုတေသနအပေါ်   စိတ်ရောလူပါနှစ်မြုပ်ထားသည့် သုံးလတာအချိန်ကာလဟာ  လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့၏ ။

ယခုအချိန်မှာ သူကျေးဇူးအတင်ချင်ဆုံးဟာ  သူ့အဖွဲ့သားတွေကိုသာ ။  သုံးလတာကာလအတွင်း  သူ့ဦးဆောင်မှုနောက် မငြီးမငြူလိုက်၍   ဟိန်းဟောက်ခြင်းအမှုပြုမိခဲ့လျှင်တောင်  အပြုံးတစ်ချက်မပျက် ကြိုးစားပေးခဲ့ကြသည်  ။
သုတေသနကို တစ်ချက်ကလေးတောင် အတိမ်းအစောင်းမခံနိုင်သူမို့   သူ့တိကျပြတ်သားခြင်းများအောက်မှာ  အမှားအယွင်းနည်းနိုင်သမျှနည်းအောင် ကူညီပေးခဲ့ကြသည်မလား ။

" JICAက ဟန်နွန်းနဲ့  ဟိုးအရင်ကတည်းက အတူတွဲလုပ်ဖူးတယ်ဆိုပေမယ့်  ပရော်ဖက်ဆာရှင်းမ်နဲ့တော့ ဒါပထမဆုံးပရောဂျက်ပဲနော် ၊ အချိန်တိုတိုနဲ့ အောင်အောင်မြင်မြင်ပြီးသွားတာ  ပရော်ဖက်ဆာရှင်းမ်ရဲ့  လုပ်ငန်းပိုင်း ကျွမ်းကျင်ထက်မြတ်မှုတွေကြောင့်ပါ "

" ကျွန်တော့်တစ်ဦးတည်းကြောင့်တော့ မဟုတ်ပါဘူး  ...အဓိက,က  ကျွန်တော့်အဖွဲ့သားတွေ  ကြိုးစားအားထုတ်ပေးကြလို့  ခရီးလမ်းတစ်လျှောက် အဆင်ပြေခဲ့ရတာပါ ၊ ပြီးတော့ လူကြီးမင်းတို့ဖက်ကလည်း  ငွေကြေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ အများကြီးပေးခဲ့တယ်မလား "

" ဘာပဲဖြစ်ဖြစ်ဗျာ ပရော်ဖက်ဆာရှင်းမ်နဲ့ နောက်
ပရောဂျက်တွေမှာလည်း  ထပ်တွေ့ချင်ပါသေးတယ် "

" ကျွန်တော်လည်း မျှော်လင့်နေပါတယ်ဗျာ "

"  ဒါဖြင့် ကျွန်တော်တို့တစ်တွေ ခွက်ချင်းတိုက်လိုက်ကြရအောင် ၊ သုတေသန အောင်မြင်ခြင်းအတွက် အားလုံးပဲ ချီးယားစ် "

" ချီးယားစ် "

သူ၏ နောက်ထပ်အောင်မြင်မှုတစ်ခုအတွက်  ရှန်ပိန်တစ်ခွက်ကို   ကျေနပ်စွာကိုင်မြှောက်လို့  အပြုံးနုနုဖြင့် ခွက်ချင်းတိုက်လိုက်၏ ။ 
ရှန်ပိန်ခွက်ကို လက်ညိုးနှင့်လက်မကြား အသာ
ညှပ်ကိုင်၍   ရှန်ပိန်၏ ပြင်းရှရှအရသာကို တစ်ငုံချင်းစီ တစိမ့်စိမ့်ခံစားနေမိသည် ။
အပေါ်ထည်ကုတ်ရှည်ကို  ထိုင်ခုံနောက်မှီပေါ်  ချိတ်ဆွဲထားတာမို့   ဆင်စွယ်ရောင်လည်ပိတ်အင်္ကျီနှင့် အမျိုးသားငယ်ဟာ သိပ်ကြော့ရှင်းနေသည် ။
လုပ်ငန်းခွင်မှာ သေချာဖြီးလိမ်း၍ နောက်သို့လှန်တင်ထားတတ်သော ဆံနွယ်နက်တွေကို  ယခုမူ  နဖူးပြင်ပေါ်  တစ်ဝက်ချလို့ထားသည် ။ 
အပြုံးအရယ်ရှားသူဟာ ယနေ့မှာ  နှုတ်ခမ်းအစွန်းဖျားနှစ်ဖက်ကော့တက်လို့  အပြုံးတချို့ကိုကြဲချတော့  လုပ်ဖော်ကိုင်ဖက်တွေက အထူးအဆန်းကြည့်လာကြ၏ ။  လက်ထောက်ကထိက ကင်မ်အွန်ယောင်းကတောင်မှ  " ပရော်ဖက်ဆာရှင်းမ်ပြုံးတာ ဒီနေ့မှတွေ့ဖူးတော့တယ် " ဆိုပဲ ။

FALLING Where stories live. Discover now