[ Unicode]
မနေ့ညက ညလုံးပေါက်အခန်းရှင်းလိုက်ရသည်က
တစ်ကြောင်း ၊ စနေနေ့ပိတ်ရက်ဖြစ်သည်ကလည်း တစ်ကြောင်းမို့ ယနေ့မနက်ကို ၈နာရီကျော်အထိ
တစ်ဝကြီး အိပ်လိုက်မိသည် ။ တလွင့်လွင့်ဖြစ်နေသော အဖြူရောင်လိုက်ကာစမှ ခပ်စူးစူးနေရောင်တို့ မျက်နှာတစ်ဝိုက်ကို လာရောက်ထိခတ်ခြင်းက အချိန်အတော်လင့်နေပြီဖြစ်ကြောင်း အသိပေးနေသည် ။ ခေါင်းမြီးခြုံကာ ဆက်အိပ်ဖို့တွေးပေမယ့် တရိပ်ရိပ်တက်လာသော နေပူရှိန်ကို အခန်းတွင်းမှ အဲကွန်းရဲ့ အအေးဓာတ်က တားစီးနိုင်စွမ်းမရှိ ။* တင်းတောင် တင်းတောင် *
အိမ်ရှေ့က လူခေါ်ဘဲလ်သံဟာ ဆက်အိပ်မရတော့ပေမယ့် အိပ်ရာကနေလည်း ထချင်စိတ်မရှိသေးသည့်သူ့ကို ကပျာကယာထလာစေရန် လှုံ့ဆော်နိုင်သည် ။
မှာထားသော ပရိဘောဂများ လာပို့သည်ဟုပဲ ထင်တာကြောင့် ကပိုကရိုဆံပင်တို့ကို လက်ဖြင့်အသာပုံသွင်းပြီး အနည်းငယ်တွန့်ကြေနေသော ညအိပ်ဝတ်အင်္ကျီကို ဆွဲဆန့်လိုက်သည် ။အပြေးသွားကာ တံခါးဖွင့်ဖွင့်ပေးချင်း မြင်လိုက်ရသည့် အဝါရောင်ဂျူးလစ်ပန်းတို့ကြောင့် တအံ့တဩ ။
အစောက နေထိုးသောကြောင့် အလိုမကျဖြစ်ချင်နေသောစိတ်ဟာ ဂျူးလစ်တို့ကိုမြင်မှ ကြည်လင်သွားသလို ။ ဂျူးလစ်ပန်း ကိုင်ဆောင်ထားသူကို ကြည့်လိုက်တော့ မနေ့ညကကောင်လေး ။
တလက်လက်နားဆွဲတို့ကို တွဲလီတွဲလောင်းချိတ်ဆွဲထားဆဲ ။ ရှပ်အင်္ကျီကိုလည်း အပေါ် ကြယ်သီးသုံးလုံးလောက်ဖြုတ်ပြီး အဆင်တန်ဆာပေါင်းစုံဖြင့် ဆင်ယင်ထားဆဲ ။ မျက်စိရှုပ်စရာ ဝတ်စားဆင်ယင်ပုံက ပြောင်းလဲသွားခြင်းမရှိပေမယ့် မတူတာတစ်ခုက မနေ့ညကလို ယမကာအရှိန်ကြောင့် ရီဝေဝေမဖြစ်နေဘဲ အဝါရောင်ဂျူးလစ်ပန်းလို တောက်ပနေသော မျက်ဝန်းတွေ ။" မင်္ဂလာနံနက်ခင်းပါ ပရော်ဖက်ဆာ ... ကျွန်တော်ကြောင့်များ နိုးသွားတာလားဟင် "
" မဟုတ်ပါဘူး ... ဒါနဲ့ ဘယ်ကနေ ဘယ်လို"
" အာ ...လမ်းမှာပန်းဆိုင်တွေ့တာနဲ့ ပရော်ဖက်ဆာ့အတွက် ဝယ်လာပေးတာပါ "